ပခုက္ကူသီးနှံဈေးကွက်အတွင်း ပြည်တွင်းသုံးပဲများ ဝင်ရောက်မှု များပြားလာပြီး တစ်ပတ်အတွင်း တစ်တင်းလျှင် ကျပ် ၃၀၀၀ ခန့်အထိ ဈေးနှုန်းပြန်လည် ကျဆင်းလာ

ပခုက္ကူသီးနှံဈေးကွက်အတွင်း ပြည်တွင်းသုံးပဲများ ဝင်ရောက်မှု များပြားလာပြီး တစ်ပတ်အတွင်း တစ်တင်းလျှင် ကျပ် ၃၀၀၀ ခန့်အထိ ဈေးနှုန်းပြန်လည် ကျဆင်းလာ
Published 20 March 2018

ပခုက္ကူမြို့ရှိ သီးနှံရောင်းဝယ်ရေးလုပ်ငန်း တစ်ခုတွင် သီးနှံချိန်တွယ်နေမှုအား တွေ့ရစဉ်

ပခုက္ကူသီးနှံဈေးကွက်အတွင်း မတ်လဒုတိယပတ်မှစ၍ ပြည်တွင်းပဲကြော်ဖိုများ အများဆုံး အသုံးပြုသည့်ပဲများ ဝင်ရောက်မှု များပြားလာပြီး တစ်ပတ်အတွင်း တစ်တင်းလျှင် ကျပ် ၃၀၀၀ ခန့်အထိ ဈေးနှုန်းပြန်လည် ကျဆင်းလာကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

ပြည်တွင်းပဲကြော် လုပ်ငန်းများတွင် အသုံးပြုသည့် စွန်တာ (ကျွန်း) နှင့် စွန်တာ (ယော) တို့မှာ ဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်တွင် တစ်တင်း ကျပ် ၂၇၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပြီး ယခု မတ် ၂၀ ရက် ဈေးကွက်တွင် စွန်တာ (ကျွန်း) တစ်တင်းကျပ် ၂၄၅၀၀၊ စွန်တာ (ယော) တစ်တင်းကျပ် ၂၅၀၀၀ သာ ပေါက်ဈေးရှိကြောင်း သိရသည်။

ဈေးနှုန်းပြန်လည် ကျဆင်းနေသည့် သီးနှံများထဲတွင် ပဲဇီးကွက်မှာ ဈေးနှုန်းကျဆင်းမှု အများဆုံးဖြစ်ပြီး ဈေးကွက်အတွင်း ဝင်ရောက်စတွင် တစ်တင်းကျပ် ၂၈၅၀၀ ခန့် ပေါက်ဈေးရှိပြီး မတ် ၂၀ ရက် ဈေးကွက်တွင် တစ်တင်း ကျပ် ၂၁၆၀၀ သာ ပေါက်ဈေးရှိတော့ကြောင်း သိရသည်။

“ပြည်တွင်းသုံးပဲတွေက ဈေးကွက်ထဲကို အဝင်များလာတယ်။ ကုန်အဝင်ရှိသလောက်အဝယ်က နည်းတော့ ဈေးကျလာတဲ့ သဘောမျိုးပါပဲ။ ကုန်အဝင်ရှိသလောက် အဝယ်နိုင်ရင် ဈေးသင့်ပါတယ်။ လက်ရှိဈေးကလည်း တောင်သူတွေအတွက် မဆိုးသေးပါဘူး” ဟု ပခုက္ကူမြို့ ကုန်သည်ပွဲစားများအသင်း အတွင်းရေးမှူး ကိုစိန်လွင်က ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းသုံး ပဲဈေးနှုန်းများမှာ ယခင်နှစ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တောင်သူများ အတွက် အဆင်ပြေကြောင်းနှင့် ယခုနှစ် သီးနှံအထွက်နှုန်း ပုံမှန်အတိုင်းရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“လက်ရှိစွန်တာ ကျပ် ၂၄၅၀၀ နဲ့ ပဲဇီးကွက် ကျပ် ၂၁၆၀၀ က ပေါ်စဈေးထက် ကျသွားတယ်။ တောင်သူ အကျိုးအမြတ်တော့ လျော့သွားတာပေါ့။ လက်ရှိသီးနှံအထွက်အရ မဆိုးသေးဘူး။ တောင်သူတွေ အတွက်တော့ တစ်တင်းကျပ် ၂၀၀၀၀ အောက် မရောက် သေးဘူးဆိုရင် အဆင်ပြေပါသေးတယ်။ တစ်တင်း ၂၀၀၀၀ အထက်လောက် ရောင်းရရင် အဆင်ပြေပါတယ်” ဟု ရေစကြိုမြို့နယ် ကျော်ထင်ကုန်းကျေးရွာမှ ကိုဘိုညီက ပြောကြားသည်။

ပခုက္ကူသီးနှံဈေးကွက်အတွင်း မြစ်ရေဝင်ကျွန်းမြေများမှ ထွက်ရှိသည့် ပြောင်းဖူးစေ့ (စီပီ) မှာ ပြည်တွင်းအစာ လုပ်ငန်းများနှင့် တရုတ်ဝယ်လက်များ ဝယ်ယူမှုများပြားခြင်းကြောင့် တစ်တင်းလျှင် ကျပ် ၁၀၀၀၀ အထက်ဖြင့် ဆက်လက် ရောင်းဝယ်နေဆဲဖြစ်ကြောင်း သိရသည်။

မြစ်ရေဝင်ကျွန်းမြေများမှ ထွက်ရှိသည့် သီးနှံများ ထိုက်သင့်သည့်ဈေးနှုန်း ရရှိနေသော်လည်း ကုန်းယာမြေများမှ ထွက်ရှိသည့် ပဲစင်းငုံသီးနှံမှာ မတ် ၂၀ ရက်တွင် ပဲစင်းငုံအသစ် တစ်တင်း အနိမ့်ဆုံး ကျပ် ၉၀၀၀ မှ အမြင့်ဆုံး ကျပ် ၁၀၀၀၀ နှင့် ပဲစင်းငုံအဟောင်း တစ်တင်း ကျပ် ၁၁၄၀၀ ပေါက်ဈေးသာရှိကြောင်း သိရသည်။

ပဲစင်းငုံဈေးနှုန်း ကျဆင်းခြင်းကြောင့် တောင်သူအချို့ သီးနှံမရိတ်သိမ်းတော့ဘဲ တိရစ္ဆာန်များအား စားကျက်ချခြင်းများ ပြုလုပ်ခဲ့ပြီး လာမည့် မိုးဦးကျချိန်တွင် ပဲစင်းငုံသီးနှံ လုံးဝမစိုက်ပျိုးတော့မည့်တောင်သူ များပြားကြောင်း သိရသည်။

Most Read

Most Recent