သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
Published 20 March 2018

သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံ၌ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သြစတြေးလျနိုင်ငံဝန်ကြီးချုပ်တို့အား တွေ့ရစဉ် (Photo: AFP)

သြစတြေးလျနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံဝန်ကြီးချုပ် H.E.Mr.Malcolm Turnbull က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံဝန်ကြီးချုပ် H.E.Mr.Malcolm Turnbull က မတ် ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံ၌ ဂုဏ်ပြုကြိုဆိုခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့က အမြောက် ၁၉ ချက် ပစ်ဖောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုကြိုဆိုပွဲပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သြစတြေးလျနိုင်ငံဝန်ကြီးချုပ်တို့သည် သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံရှိ ဝန်ကြီးချုပ်၏ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးမှုပြုခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံနှင့် သြစတြေးလျ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၂၀ တွင် သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံရှိ အမ်ဂျီ ၆၃ ခန်းမ၌ သြစတြေးလျနိုင်ငံ Labour Party ခေါင်းဆောင် Mr.Bill Shorten နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ၁၁ နာရီ ၁၀ မိနစ်တွင် သြစတြေးလျ အမျိုးသားရုက္ခဗေဒဥယျာဉ်၌ ပြုလုပ်သော သြစတြေးလျ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်နှင့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် မတ် ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီး မတ် ၁၇ ရက်နှင့် ၁၈ ရက်များတွင် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ အခြေစိုက် ရှေ့နေအဖွဲ့အစည်းတစ်ခုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု ခေါင်းစဉ်အောက်၌ တရားစွဲခြင်းအား သြစတြေးလျနိုင်ငံ တရားသူကြီးချုပ် Christian Porter က မတ် ၁၆ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

Ron Markel QC အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေအဖွဲ့များက ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သြဇာအာဏာရှိသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂါလီများအား နေရပ်ဒေသများမှ ခြောက်လှန့်နှင်ထုတ်ခြင်းဖြစ်စဉ်များကို မတားဆီးခဲ့ဟုဆိုကာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း ခေါင်းစဉ်အောက်မှ တရားစွဲဆိုရန် Victorian Magi Strates တရားရုံးမှတစ်ဆင့် အဆိုတင်ခဲ့ရာ တရားသူကြီးချုပ် Christian Porter က ပယ်ချခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent