မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် GAVI အဖွဲ့က ၂၀၁၇ ခုနှစ်အထိ ဒေါ်လာ ၆၆ သန်းကျော် ထောက်ပံ့ထားပြီး WHO၊ Unicef တို့မှတစ်ဆင့် ကာကွယ်ဆေးမဟုတ်သော အခြားပံ့ပိုးမှုများလည်း ဆက်လက်ပံ့ပိုးပေးမည်

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် GAVI အဖွဲ့က ၂၀၁၇ ခုနှစ်အထိ ဒေါ်လာ ၆၆ သန်းကျော် ထောက်ပံ့ထားပြီး WHO၊ Unicef တို့မှတစ်ဆင့် ကာကွယ်ဆေးမဟုတ်သော အခြားပံ့ပိုးမှုများလည်း ဆက်လက်ပံ့ပိုးပေးမည်
Published 20 March 2018

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကျောင်းသားကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့စဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် GAVI အဖွဲ့က ၂၀၁၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော် ထောက်ပံ့ပေးထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့  (Unicef) တို့မှတစ်ဆင့် ကာကွယ်ဆေး မဟုတ်သော အခြားပံ့ပိုးမှုများလည်း ဆက်လက်ပံ့ပိုးပေး မည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈၊ ၂၀၁၉ ခုနှစ်အ တွင်း တိုးချဲ့လုပ်ဆောင်မည့် ကာကွယ်ဆေး ထိုးလုပ်ငန်းများနှင့် အအေးလမ်းကြောင်း ဆိုင်ရာပစ္စည်း ကိရိယာများ တပ်ဆင် ဆောင်ရွက်မည့်အစီအစဉ်အတွက် GAVI အဖွဲ့က ဒေါ်လာသန်း ၆၀ ထောက်ပံ့မည် ဖြစ်သည်။

အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၈ ရက်က Interagency Coordination Committee (ICC) အစည်းအဝေးကို နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း၊ GAVI အဖွဲ့မှ Health System Strengthening ရန်ပုံငွေကို ၂၀၁၈- ၂၀၁၉ ခုနှစ်များအတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယင်းအဖွဲ့က ၂၀၁၇ ခုနှစ်၌ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းအတွက် ကာကွယ်ဆေးနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်းထောက်ပံ့ပေးခဲ့ပြီး ထိုပမာဏသည် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် စုစုပေါင်း ကုန်ကျစရိတ်၏ ၇၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ၇သန်း၊ GAVI နှင့် အစိုးရပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၃ သန်း၊ စုစုပေါင်းဒေါ်လာ ၅၃ သန်း အသုံးပြုထားကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခင်က ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေး ကိုးမျိုးသာ ထိုးနှံပေးခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ပြင်းထန်အဆုတ်ရောင် ရောဂါပိုးကာကွယ်ဆေး (PCV) ကို ကလေးအသက် နှစ်လ၊ လေးလနှင့် ခြောက် လအရွယ်တို့၌ သုံးကြိမ်ထိုးနှံပေးလျက်ရှိကြောင်း၊ ထပ်မံ၍ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကိုလည်း ကလေးများတွင် အစုလိုက်ထိုးနှံပေးခဲ့ပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် တိုးချဲ့ထည့်သွင်းခဲ့ကြောင်း နှင့်  ယခုအခါ ကလေးတစ်ဦးလျှင် ကာကွယ် ဆေး ၁၁ မျိုးရရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ငါးနှစ်အောက်ကလေးငယ်များတွင် ဖြစ်ပွားမှုနှုန်းများသည့် ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ကာကွယ်ဆေးများကို အမျိုးသားကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်၌ ထပ်မံထည့်သွင်းထိုးနှံနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေးတစ်သိန်းတွင် ၁၀၀ မှ ၃၀၀ ကြားမှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးနေခြင်းကြောင့် ၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် အစီအ စဉ်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများကို စတင်ထည့်သွင်းထိုးနှံပေးခဲ့ကြောင်း၊ လက်ရှိ ကလေးငယ်များတွင် ဖြစ်ပွားမှုနှုန်းများသည့် တီဘီဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါများကို ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေး ၁၁ မျိုးကို ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင်ထည့်သွင်း ထိုး နှံပေးလျက်ရှိကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးများရရှိပါက အမျိုးအစား ၁၂ မျိုးအထိ အခမဲ့ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent