ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးအကြား လမ်းကြောင်းအား အဆင့်မြှင့်တင်ရန် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးအကြား လမ်းကြောင်းအား အဆင့်မြှင့်တင်ရန် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ
Published 20 March 2018

ထားဝယ်-ထီးခီးအကြား အဆင့်မြှင့်တင်မည့် လမ်းပိုင်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးအကြား လမ်းကြောင်းအား အဆင့်မြှင့်တင်ရန် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တင်ပြခဲ့သည်။

မတ် ၁၉ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Neighbouring Countries Economic Development Cooperation Agency - NEDA ထံမှ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလျံ ချေးယူရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ၎င်းစီမံကိန်းအတွက် လမ်းကြောင်းသုံးခုရှိကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း မေတ္တာ-ထီးခီးလမ်းသည် ဆက်သွယ်ရန် လမ်းကြောင်း အတိုဆုံးဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းအား အီတာလျံ ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန် ယူဖောက်လုပ်ခဲ့ပြီး လက်ရှိတွင် ကျောက်ကြမ်းလမ်းအဆင့်သာရှိသေးကြောင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းသို့ပို့ဆောင်သည့် ကုန်စည်များ လွယ်ကူလျှင်မြန်စွာပို့ဆောင်နိုင်ရေးအတွက် လက်ရှိလမ်းအား နှစ်လမ်းသွားကားလမ်းအဖြစ် အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း၊ အဆိုပါ လမ်း အဆင့်မြှင့်တင်ရေးအတွက် NEDA မှ ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံ ချေးငွေပေးအပ်မည်ဖြစ်ပြီး ချေးငွေအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ခံ၍ ကန်ထရိုက်တာအား တင်ဒါခေါ်ယူဆောင် ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

အဆိုပါချေးငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အချိန်စေ့ရောက်သည့်နှစ်အလိုက် အတိုး၊ အရင်း ပြန်လည်ပေးဆပ်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းအသုံးခ ကောက်ခံရရှိမှုငွေများ အပါအဝင် ရငွေများဖြင့် ပြန်လည်ပေးဆပ်နိုင်ရန်စီစဉ်၍ ဘတ်ဂျက်သို့ ရငွေများပေးသွင်းခြင်း၊ ချေးငွေများ ပေးဆပ်ရန် အသုံးစရိတ်တောင်းခံခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံ နယ်စပ် ကချနပူရီမှ ထားဝယ်အထူးစီးပွားရေးဇုန် (၂) သို့ ကတ္တရာကားလမ်း အဆင့်မြှင့်တင်ရန် ချေးယူခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါချေးငွေနှင့်ပတ်သက်ပြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက NEDA အဖွဲ့အစည်းသည် ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ ၎င်း၏ ချေးငွေဆိုင်ရာသတ်မှတ်ချက်အနေဖြင့် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၂၀၊ စုစုပေါင်းချေးငွေ သက်တမ်း နှစ် ၃၀ ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး အတိုးကို တစ်နှစ် နှစ်ကြိမ်နှုန်းဖြင့် အကြိမ် ၆၀ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ အရင်းငွေကို တစ်နှစ် နှစ်ကြိမ်နှုန်းဖြင့် အကြိမ် ၄၀ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ စုစုပေါင်းချေးငွေ၏ ရာခိုင်နှုန်း ၅၀ ကို ထိုင်းကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် အသုံးပြုရန် သတ်မှတ်ချက်ထားရှိထားကြောင်း၊ အခွန်အခ၊ အကောက်ခွန်၊ ဆောင်ရွက်ခ စသည်တို့အတွက် ချေးငွေမှ ထုတ်ယူသုံးစွဲ၍ မရကြောင်း၊ စီမံခန့်ခွဲမှုစရိတ်အဖြစ် ချေးငွေပမာဏ၏ ၀ ဒသမ ၁၅ ရာခိုင်နှုန်းကို တစ်ကြိမ်တည်းပေးချေရမည်ဖြစ်ကြောင်း၊ ယခု ချေးငွေ၏ Grant Element တွက်ချက်ရာတွင် ၆၁ ဒသမ ၄၀ ရာခိုင်နှုန်း ရရှိသည့်အတွက် သက်သာမှုရှိသည့် ချေးငွေဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်မှ ကချနပူရီလမ်းသည် မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍအတွက် အရေးပါသော လမ်း ဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ပင်မလမ်း ကြောင်းဖြစ်သည့် ရန်ကုန်-ရေး-ထားဝယ်- မြိတ်လမ်းနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ ယင်းလမ်းမကြီးသည် ရန်ကုန်တောင်ပိုင်းရှိ သီလဝါအထူးစီးပွားရေးဇုန်နှင့်လည်း ဆက်စပ်သွားလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent