ဘင်္ဂါလီများနေရာချထားရေးနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူများ၏ သဘောထားကို အလေးထားရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ဘင်္ဂါလီများနေရာချထားရေးနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူများ၏ သဘောထားကို အလေးထားရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
Published 20 March 2018

ဘင်္ဂါလီများ နေရာချထားရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများ၏ သဘောထားကို အလေးထားရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

မတ် ၁၈ ရက်က UEHRD မှတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် တွေ့ဆုံစဉ် ၎င်းတို့က ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီများအား ပြန်လည် လက်ခံရာတွင် ရခိုင်ပြည်သူများ၏ဆန္ဒ၊ ရခိုင်နိုင်ငံရေးပါတီများ၏ လိုလားချက်နှင့် တပ်မတော်၏ ဆန္ဒများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ယခုအချိန်သည် အလွန်အရေးကြီးသော အချိန်ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်သည် ယဉ်ကျေးမှုပြည့်ဝပြီး သဘာဝသယံဇာတ ပေါကြွယ်ဝကြောင်း၊ ရှေးကျသည့် သမိုင်းနှင့် ယဉ်ကျေးမှုရှိသော လူမျိုးတစ်မျိုး ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်နေသည်မှာ မဖြစ်သင့်သည့်ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

“သူတို့က ရေရှည်ပဋိပက္ခ ကင်းဝေးရေးလို့ ပြောတယ်။ ပဋိပက္ခကင်းဝေးရေး ဆိုတာထက် ရေရှည်ပဋိပက္ခ တားဆီးကာကွယ်ရေးကို ကျွန်တော် အဓိက ပြောချင်ပါတယ်။ ကင်းဝေးတာထက် နောက်လာမယ့် ဘင်္ဂါလီတွေကို လက်ခံနေရာချထားရေးတွေမှာ ပဋိပက္ခတွေ ဘယ်လိုကင်းလာမလဲ။ ဘင်္ဂါလီတွေနဲ့ အတူတူထားရင် မည်သည့်အခါမှ ပဋိပက္ခဆိုတာ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ နောက်တစ်ချိန် ပဋိပက္ခ မဖြစ်ဘူးလို့ ဘယ်သူတာဝန်ယူမလဲပေါ့ ။ တောင်ပိုင်းမှာ နေရာချထားမယ် ဆိုတာကိုလည်း ဒေသခံပြည်သူ တစ်ရပ်လုံးက မလိုလားဘူး။ ကျွန်တော်တို့လည်း မကြိုက်ဘူး။ ဒေသခံ သဘောထားဟာ အရေးပါတယ်။ ဒေသခံတွေကို လျစ်လျူရှုထားမယ်ဆိုရင် ပြဿနာ ဖြစ်လာနိုင်တယ်” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ထောက်ပြဝေဖန် ပြောကြားသွားသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဘူးသီးတောင်မြို့နယ်က ဦးထွန်းအောင်သိန်းနှင့် ဦးဇော်ဇော်မြင့်တို့မှ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်ပြီး UEHRD အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်သင့်ကြောင်း၊ UEHRD ၏လုပ်ငန်းစဉ်များကို ပြည်သူများသို့ ချပြသည်ဟု ဆိုသော်လည်း မြေပြင်အနေအထားတွင် ပြည်သူများ မသိရှိသေးကြောင်း၊ ပြည်သူများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း လုပ်ဆောင်ချက်များကို မသိရှိသည်မှာ ယနေ့အထိ ဖြစ်ကြောင်းလည်း မီဒီယာများသို့ ပြောကြားသည်။

ထို့အပြင် R2P အား ဂရုစိုက်စရာမလိုဟု ပြောဆိုနေကြသော်လည်း စွပ်စွဲနေသော အချက်ထဲက တစ်ချက်ချက်နဲ့ ငြိစွန်းလာမည် ဆိုပါက နိုင်ငံတကာက ဝင်ရောက်ကာကွယ်ရမည်ဆိုသည့် အနေအထားသို့ ရောက်ရှိသွားနိုင်ကြောင်း၊ ယင်းအနေအထားမျိုး မရောက်ရအောင် UEHRD က ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းနည်းနှင့် တုံ့ပြန်ဆောက်ရွက် သွားမည်ဖြစ်ကြောင်း UEHRD မှ ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

 

Most Read

Most Recent