အထည်ချုပ်လုပ်ငန်းများအနေဖြင့် နည်းပညာအခက်အခဲများကြောင့် လက်ရှိထက် ပိုမိုကြီးထွားအောင် မဆောင်ရွက်နိုင်သေးကြောင်း ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ပြောကြား

အထည်ချုပ်လုပ်ငန်းများအနေဖြင့် နည်းပညာအခက်အခဲများကြောင့် လက်ရှိထက် ပိုမိုကြီးထွားအောင် မဆောင်ရွက်နိုင်သေးကြောင်း ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ပြောကြား
Published 20 March 2018

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

အထည်ချုပ်လုပ်ငန်းများအနေဖြင့် နည်းပညာ အခက်အခဲများကြောင့် လက်ရှိလုပ်ငန်းထက် ပိုမိုကြီးထွားလာအောင် မဆောင်ရွက်နိုင်သေးကြောင်း လှိုင်သာယာ ရွှေလင်ပန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

“အထည်ချုပ်လုပ်ငန်းတွေ ဖိနပ်ချုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်ထဲက ကျွန်တော်တို့အထည်ချုပ်လုပ်ငန်းက ဖွံ့ဖြိုးပြီးသားပါ ဒါပေမဲ့ ကြီးအောင်လုပ်လို့မရဘူး။ CMP လို့ ခေါ်တဲ့ အခစား စနစ်ပဲရှိသေးတယ်။ ဒီနောက်က ကဏ္ဍကြီးက အရမ်းကြီးပါတယ်။ ကျွန်တော်တို့မှာ ပိတ်မထုတ်နိုင်ဘူး ဆေးလည်းမဆိုးနိုင်ဘူး”  ဟု ဦးအေးသောင်းက ပြောသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် တခြားနိုင်ငံမှ ကုန်ကြမ်းပစ္စည်းများ လက်ခံကာ ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ထွက်ရှိသည့် ကုန်ချောပစ္စည်းအရေအတွက်ပေါ် မူတည်၍ ရာခိုင်နှုန်းအလိုက် အကျိုးခံစားခွင့်ရရှိသည့် လက်ခစားစနစ် (Cut-Make-Pack) CMP လုပ်ငန်း များကို နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်ခဲ့သော်လည်း အဓိကအခြေခံအဆောက်အအုံ နှင့် ရင်းနှီးမြှုပ်နှံစွမ်းအား လိုအပ်ချက်များကြောင့် ကိုယ်တိုင်ထုတ်လုပ်ကာ တင်ပို့သည့်  FOB စနစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

“နံပါတ်တစ် Infrastructure က အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် အများကြီး နောက်ကျတယ်။ ဘဏ်စနစ်တွေက ပွင့်လင်း မြင်သာမှု လွယ်ကူချောမွေ့မှုက သူတို့နဲ့ မယှဉ်နိုင်ဘူး။ စသည်ပေါ့ နောက်တစ်ခါ သတင်းအချက်အလက်တို့ နည်းပညာရင်းနှီးမြှုပ်နှံစွမ်း တို့ကအကန့် အသန့်တွေ အများကြီးရှိတယ်” ဟု  မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပြောကြားထားသည်။

ဖွံ့ဖြိုးမှုနိမ့်ကျသည့်နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သော မြန်မာနိုင်ငံ၌မူ အဆိုပါ CMP စနစ်ကို ၁၉၉၃ ခုနှစ်ကတည်းက အထည်ချုပ်လုပ်ငန်းများဖြင့်စတင်ကာ ယနေ့အထိ ဆောင်ရွက်ခဲ့ရာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း FOB စနစ်သို့   ပြောင်းလဲ လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လုပ်ငန်းအငယ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ အသေးစား အလတ်စားလုပ်ငန်း (SME) ချေးငွေများဖြင့် ပံ့ပိုးကူညီလျက်ရှိသော်လည်း အတိုးနှုန်းများ ကြီးမြင့်မှုများကြောင့် မျှော်မှန်းထားသလောက် လုပ်ငန်းများ အောင်မြင်မှုမရှိကြောင်း သိရသည်။

“ငွေတွေချေးကြပါတယ်။ အတိုးနှုန်းတွေ မြင့်နေရင်တော့ လုပ်ငန်းရှင်ကြီးများတောင် မချေးနိုင်ရင်  SME တွေဝေလာဝေးပါ”  ဟု လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ စက်ရုံပေါင်း ၄၀၀ ကျော်အထိ တိုးတက်လာပြီး ၂၀၁၆ ခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ လုပ်သားအင်အား သုံးသိန်းငါးသောင်းကို ခန့်အပ်ထားပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံကို ကုန်ကြမ်းပိတ်စကို တင်သွင်းကာ CMP စနစ်ဖြင့်  အထည်ချုပ်(ချုပ်ပြီးအထည်) မှာယူ တင်သွင်းနေသည့်နိုင်ငံများတွင် ဂျပန်၊ ကိုရီးယားနှင့် အီးယူနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

အဆိုပါဂျပန်၊ အီးယူစသည့် နိုင်ငံများအနေဖြင့် လက်ရှိမြန်မာနိုင်ငံမှ Order မှာယူနေသည့်  CMP လက်ခစားစနစ်ဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုအစား အစအဆုံး ကိုယ်တိုင်ချုပ်လုပ်သည့်  FOB စနစ်ဖြင့် တင်ပို့မှုကို ပိုမိုစိတ်ဝင်စားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ “သူတို့အများစုက စိတ်ဝင်စားတာက FOB ကို စိတ်ဝင်စားတာ FOB က တို့ဆီမှာ လုပ်နိုင်ခြင်းရှိသေးဘူး။ FOB ဆိုတဲ့ဟာက ဒီအင်္ကျီတစ်ထည်ကို Buyer က သူ့အစတေ၊ွ ဇစ်တွေ၊ ကြယ်သီးတွေ အတွင်းခံတွေ၊ ချည် တွေစိတ်မဝင်စားဘူး။ မင်းဘာမင်း  Organize လုပ် သူကိုဘယ်လောက်နဲ့ ရောင်းမလဲပြော ဒေါ်လာ၂၀ နဲ့ ရောင်းမလား ကိုယ်ဟာကို စုစည်း အစတွေဝယ်၊ ချည်တွေ ဝယ်ပြီးလို့ရှိရင် သူ့ကိုဒေါ်လာ၂၀ နဲ့  ရောင်းမယ်ဆိုရင် သူကဟိုမှာ သူ သယ်ယူပို့ဆောင်ရေးစရိတ် တွက်မယ် သူဟိုမှာ ဒေါ်လာ ၄၀ နဲ့ ရောင်းရင်ရောင်းမယ် ကိုက်ရင်ဝယ်မယ်။ အဲဒါကများတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းက ပြောသည်။

လက်ရှိအချိန်တွင်မူ ပြည်တွင်း၌ ပိတ်စ ကုန်ကြမ်း မထုတ်လုပ်နိုင်ခြင်းနှင့် ဈေးကွက် ထိုးဖောက်နိုင်စွမ်း မရှိသေးသည့်အတွက် အဆိုပါ အစအဆုံး ကိုယ်တိုင်ချုပ်လုပ်သည့် FOB စနစ်ဖြင့် တင်ပို့မှုကို မဆောင်ရွက်နိုင်သေးကြောင်း သိရသည်။

“အဲလိုရောင်းနိုင်ဖို့က ကိုယ့်ဘက်က စောစောပြောတဲ့ ကုန်ကြမ်းတွေပေါ့ ကုန်ကြမ်းတွေ ဝယ်ပြီးတော့ ရင်းနှီးဖို့ အနေအထားလိုတယ်။ အဲ့လိုရင်းနှီးပြီးဆိုရင် ဟိုဘက်ကို ရောင်းဖို့ကလည်း Market ကို ထိုးဖောက်နိုင်ဖို့ လိုတယ်”  ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင် များအသင်း၊ ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းက ပြောသည်။

လက်ရှိဘဏ္ဍာနှစ် မတ်လဆန်းအထိ ပြည်ပသို့ CMP စနစ်ဖြင့် ချုပ်ပြီးအထည် တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၃၃၂ ဘီလျံရရှိထားပြီး ပြည်ပပို့ကုန်တင်ပို့မှု၏ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိနေကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရ သည်။

 

 

Most Read

Most Recent