ရခိုင်ပြည်နယ်သည် သဘာဝဘေး အန္တရာယ်သာမက လူကြောင့်ဖြစ်သည့်ဘေးတွင်လည်း ထိပ်ဆုံးကခံရသည့် ပြည်နယ်တစ်ခု ဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အများဆုံး ဆောင်ရွက်နေဟုဆို

ရခိုင်ပြည်နယ်သည် သဘာဝဘေး အန္တရာယ်သာမက လူကြောင့်ဖြစ်သည့်ဘေးတွင်လည်း ထိပ်ဆုံးကခံရသည့် ပြည်နယ်တစ်ခု ဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အများဆုံး ဆောင်ရွက်နေဟုဆို
Published 20 March 2018

ရခိုင်ပြည်နယ်အတွင်း UEHRD အဖွဲ့မှ လူငယ်များ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးအပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- UEHRD)

ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်သာမက လူကြောင့်ဖြစ်သည့် ဘေးတွင်လည်း ထိပ်ဆုံးကခံရသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အများဆုံး ဆောင်ရွက်နေကြောင်း UEHRD စီမံကိန်း၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

မတ် ၁၈ ရက်ကကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် UEHRD ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ များစွာဆောင်ရွက်ရန် ကျန်ရှိနေကြောင်း၊ ယခုအစိုးရသစ် တာဝန်ယူကတည်းက တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ တိုင်းရင်းသားအရေးတွင် ဖွံ့ဖြိုးမှု နောက်ကျသည့် နေရာများကို ဦးစားပေး ဆောင်ရွက်ပေးနေကြောင်း၊ ရခိုင်ပြည်နယ်သည် သဘာဝဘေး အန္တရာယ်တွင်သာမက လူကြောင့်ဖြစ်သည့် ဘေးတွင်လည်း ထိပ်ဆုံးက ခံစားရသော ပြည်နယ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အများဆုံး ဆောင်ရွက်ပေးနေကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေး၊ စက်မှုဇုန်များ ဖော်ထုတ်ရေး စသည်ဖြင့် ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ် အရေးကိစ္စကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကိုဆောင်ရွက်ခဲ့ကြောင်း၊ UEHRD ၏ လုပ်ငန်းတာဝန်တွင် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ပါဝင်ကြောင်း၊ ချက်ချင်းလုပ်ဆောင်နိုင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ချက်ချင်းအကောင်အထည် ဖော်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် အစဉ်အဆက် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း၊ စိတ်ရှည်သည်းခံမှု၊ အပြန်အလှန် ယုံကြည်မှု၊ သဟဇာတဖြစ်မှုတို့ဖြင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး ဆောင်ရွက်နေကြောင်း၊ ပြန်လည် နေရာချထားရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို တိုးမြှင့်ဆောင်ရွက် နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

 

Most Read

Most Recent