ဧရာဝတီမြစ် မန္တလေး ရေလမ်းကောင်းမွန်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကမ်းထိန်း နံရံတည်ဆောက်ခြင်းများ စတင်လုပ်ဆောင်

ဧရာဝတီမြစ် မန္တလေး ရေလမ်းကောင်းမွန်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကမ်းထိန်း နံရံတည်ဆောက်ခြင်းများ စတင်လုပ်ဆောင်
Published 20 March 2018

ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်းမှ စီမံကိန်းလုပ်ငန်းစဉ်သုံးတွင် ပါဝင်သော ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအဖြစ် ကနဦး မန္တလေးရေကြောင်းကောင်းမွန်ရေးအတွက် စစ်ကိုင်း - မင်းကွန်း ရေလမ်းဧရိယာအတွင်း ရေမွှာပေါက်များဖြစ်သော ညောင်ပင်သာနှင့် ကျွန်းဆင်ရေပေါက်များတွင် ကမ်းထိန်းနံရံတည်ဆောက်ခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မန္တလေးေရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြစ်ကြောင်း အားပညာရှင်များက လေ့လာမှုပြုခဲ့ရာတွင် ပင်မရေလမ်းကြောင်း ကောင်းမွန်ရန်အတွက် ရေမွှာပေါက်များအတွင်း ရေဝင်မှုလျှော့ ရမည်ဖြစ်ကာ ကမ်းထိန်းနံရံတည်ဆောက်ခြင်းနှင့် မြစ်ကြမ်းပြင်တွင် ကွန်ကရစ်ဆူးချ ထားဆောင်ရွက်ခြင်း၊ သောင်တူးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကာ လက်ရှိရေကျချိန်တွင် ကမ်းထိန်းနံရံ တည်ဆောက်ခြင်း အဖြစ် ကျွန်းဆင်နှင့် ညောင်ပင်သာ ရေပေါက်များတွင် ဖေဖော်ဝါရီနောက်ဆုံးအပတ်မှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မန္တလေး ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းက အထက်ဘက်မင်းကွန်းကနေ အောက်ဘက် စစ်ကိုင်းအထိ မန္တလေးရေလမ်းကြောင်း တောက်လျှောက်ဖွံ့ဖြိုးဖို့အတွက် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဆောင်ရွက်တာဖြစ်တယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ အင်ဂျင်နီယာလုပ်ငန်းတွေကို Royal Haskoning ကုမ္ပဏီကနေ လေ့လာပေးတယ်။ အသေးစိတ်ပုံစံတွေနဲ့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေအရ ရေကြောင်းကောင်းမွန်ရေးအတွက်က လက်ရှိ ရေမွှာပေါက်တွေကို ရေမဝင်အောင်လုပ်ရမယ်။ လုပ်ရမယ့်စီမံကိန်းအနေနဲ့နှစ်ခုရှိတယ်။ ပထမအဆင့်က ကမ်းထိန်းနံရံတွေကိုတည်ဆောက်ရမယ်။ နောက်တစ်ခုက ကွန်ကရစ်ဆူးချခြင်းတွေ လုပ်ရမှာဖြစ်တယ်။ ကမ်းထိန်းနံရံတည်ဆောက်ရေးတွေကို အခုစလုပ်နေပါပြီ။ လက်ရှိလုပ်ငန်း ပြီးစီးမှုအနေနဲ့က ကမ်းမြေညှိခြင်းတွေ ဆောင်ရွက်ထားတယ်။ ခန့်မှန်းပြီးစီးချိန် လေးလလောက်ကြာမှာဖြစ်ပြီး ကွန်ကရစ် ဆူးချထားခြင်းတွေကတော့ သြဂုတ်လလောက်မှ ဆောင်ရွက်နိုင်မယ်” ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းစဉ် (၃) ဒါရိုက်တာဦးအောင်မျိုးခိုင်က ပြောကြားသည်။

ရေလမ်းကောင်းမွန်ရန် ကမ်းပြိုကာကွယ်ရေး ကမ်းထိန်းနံရံတည်ဆောင်ရေးအဖြစ် စစ်ကိုင်းနှင့်မင်းကွန်းကြားရှိ ကျွန်းဆင်ရေပေါက်တွင် အလျား ၆၅၀ မီတာ၊ ညောင်ပင်သာ ရေပေါက်များအနီးတွင် အလျား ၅၆၀ မီတာ ကမ်းထိန်းနံရံများ တည်ဆောက်သွားမည်ဖြစ်ကာ ကမ်းထိန်းနံရံတည်ဆောက်ခြင်းအတွက် ကမ္ဘာ့ဘဏ်ချေးငွေမှ ကျပ်သိန်းပေါင်း တစ်သောင်းကျော် အသုံးပြုမည်ဖြစ် ကာကွန်ကရစ်ဆူးချခြင်းများအား ရေမွှာပေါက်များဖြစ်သော ခိုတောင်ရေပေါက်၊ ညောင်ပင်သာရေပေါက်နှင့် ကျွန်းဆင်ရေပေါက်များတွင် ချထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent