ပြည်ပမှတင်သွင်းသော ဆီနှင့် ဈေးကွက် မယှဉ်ပြိုင်နိုင်မှုကြောင့် ပြည်တွင်းဆီစက် ရာခိုင်နှုန်း ၉၀ ကျော် ရပ်နားထားကြောင်း သိရ

ပြည်ပမှတင်သွင်းသော ဆီနှင့် ဈေးကွက် မယှဉ်ပြိုင်နိုင်မှုကြောင့် ပြည်တွင်းဆီစက် ရာခိုင်နှုန်း ၉၀ ကျော် ရပ်နားထားကြောင်း သိရ
Published 20 March 2018

ပြည်ပမှ တင်သွင်းသောဆီများနှင့် ဈေးကွက်မယှဉ်ပြိုင်နိုင်မှုကြောင့် ပြည်တွင်းဆီစက် ရာခိုင်နှုန်း ၉၀ ကျော် ရပ်နားထားရကြောင်း မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းတွင် တရားဝင် မှတ်ပုံတင်ထားသော ဆီစက် ၃၀၀၀ ကျော်ရှိပြီ မှတ်ပုံတင်မထားသော ဆီစက်၂၀၀၀ ကျော် စုစုပေါင်း ၅၀၀၀ ကျော် ရှိပြီး အဆိုပါဆီစက်များသည် ပြည်ပမှ တင်သွင်းသော စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီများအား ဈေးကွက်မယှဉ်ပြိုင်နိုင်မှုကြောင့် ဆီစက်လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

“ပြည်ပက တင်သွင်းတဲ့ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီတွေကို ပြည်တွင်းဆီစက်တွေ ဈေးကွက်မယှဉ်ပြိုင်နိုင်ဘူး။ ဆီစက် ရာခိုင်နှုန်း ၉၀ ရပ်နားထားရပြီး လက်တွေ့ လည်ပတ်လုပ်ကိုင်နေတာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတော့တယ်။ ကျွန်တော်တို့ တိုင်းပြည် ဆီနဲ့ဆီထွက် သီးနှံဖူလုံလာလို့ရင် ဈေးကွက်ယှဉ်ပြိုင်လာနိုင်ပြီး ပြည်ပတင်သွင်းမှု အလိုလိုလျော့လာမှာပါ။ ပြည်ပဆီ မတင်သွင်းပါနဲ့လို့ ကျွန်တော်တို့ဖက်က ပြောဖို့မရှိပါဘူး။ ပြည်တွင်းဆီနှင့် ဆီထွက်သီးနှံဖူလုံရေးအတွက် စီမံကိန်းတွေချပြီး လုပ်ဆောင်နေပါတယ်”  ဟု မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောကြားသည်။

ပြည်တွင်းဆီနှင့် ဆီထွက်သီးနှံဖူလုံစေရေးအတွက် မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းမှ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးမှ မြေပဲ၊ နှမ်းစိုက်တောင်သူများနှင့် အကျိုးတူပူးပေါင်းကာ ၂၀၁၈ မိုးတွင် ဧက ၆၀၀၀၊ ဆောင်းတွင် ဧက ၃၀၀၀ အကျိုး တူ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်နေကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ၏ ဆီလိုအပ်ချက် ရာခိုင်နှုန်း ၅၀ ကို ပြည့်မီအောင် ခန့်မှန်းလျာထား ဆောင်ရွက်ထားကြောင်း သိရသည်။

“စားသုံးဆီကဏ္ဍမှာ မသန့်တဲ့ဆီတွေ၊ ရောနှောနေတဲ့ဆီတွေကို ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ထိန်းချုပ်ပေးရမယ်။ ဒါမှ စားသုံးသူတွေ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဆီကို စားသုံးခွင့်ရလာမယ်။ တိုင်းပြည်ထဲမှာရှိတဲ့ ဆီတွေက ထိန်းချုပ်ထားတာမရှိဘူး ရောချင်သလို ရောရောင်းတယ်။ အနံ့တွေဆေးဆိုး ရောင်းတယ်။ ဒါတွေကို မထိန်းချုပ်နိုင်ဘူး။ စားသုံးသူတွေအတွက် အန္တရာယ်လည်းကြီးပါတယ်” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

Most Read

Most Recent