ကချင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် အခွန်ရရှိမှု ၃၄ ဘီလျံ လျာထားရာတွင် ကျပ်ဘီလျံ ၂၀ ကျော်ရရှိထား မြစ်ကြီးနား မတ် ၁၇ ရက်

ကချင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် အခွန်ရရှိမှု ၃၄ ဘီလျံ လျာထားရာတွင် ကျပ်ဘီလျံ ၂၀ ကျော်ရရှိထား မြစ်ကြီးနား မတ် ၁၇ ရက်
Published 19 March 2018

ကချင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် အခွန်ငွေရရှိမှု ၃၄ ဘီလျံ လျာထားရာတွင် ကျပ်ဘီလျံ ၂၀ ကျော်ရရှိထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့စီမံ၊ ဘဏ္ဍာနှင့် အခွန်ဝန်ကြီး ဦးဝေလင်းက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ကုန်သွယ်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေခွန်၊ အထူးကုန်စည်ခွန်များအတွက် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ကျပ် ၃၄ ဒသမ ၂၂၇ ဘီလျံလျာထားရာတွင် ၂၀၁၈ ခုနှစ် မတ် ၁၆ ရက်အထိ ကျပ် ၂၀ ဒသမ ၅၀၃ ဘီလျံသာရရှိသဖြင့် လျာထားချက်၏ ၅၉ ဒသမ ၈၂ ရာခိုင်နှုန်းအထိသာ ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဦးဝေလင်းက “လျာထားချက်ကို ပြည့်မီအောင် ကြိုးစားနေတယ်။ အခွန်ငွေရရှိမှုက စီးပွားရေးတိုးတက်မှုနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ကချင်ပြည်နယ်မှာ ကုန်ထုတ်လုပ်မှုလုပ်ငန်း မရှိဘူး။ ခရီးသွားတိုးတက်လာတာ မရှိဘူး။ အခုတိုးတက်လာတာက တစ်ရှူးငှက်ပျောစိုက်ခင်းနဲ့ ဖရဲစိုက်ခင်း တွေဘက်က အခွန်တိုးလာတယ်။ လယ်ခွန်တွေလည်း တိုးတက်စိုက်ပျိုးတာ မရှိဘူး။ လွန်ခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ သုံးနှစ်စာလောက် ဝင်ငွေခွန်တွေကောက်တာ။ အထူးကုန်စည်ခွန်က ကျပ်တစ်သန်းကနေ ကျပ်သန်းပေါင်း ၆၇၀ အထိ ကောက်နိုင်တယ်ဆိုတော့ အကောက်ခွန်မှာ ၂၂ ဘီလျံ လျာထားတာ ၃၂ ဘီလျံအထိ ကောက်နိုင်ခဲ့တယ်။ အကောက်ခွန်ငွေတွေကို ပြည်ထောင်စုကို အများစုအပ်ရတာပေါ့။ ပြည်နယ်ကသုံး လို့ရတဲ့အခွန်က အနည်းအကျဉ်းပဲရှိတယ်။ ငြိမ်းချမ်းသွားရင်တော့ လမ်းပွင့်စရာ အများကြီးဖြစ်လာမှာပါ” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်တွင် အခွန်ငွေ ၂၂ ဘီလျံကျော် လျာထားသော်လည်း ၃၂ ဘီလျံကျော်အထိ ကောက်ခံနိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်အတွင်း ရေရှည်ဖွံ့ဖြိုးရန်နှင့် အခွန်တိုးမြှင့်ရရှိနိုင်ရန် ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေး၊ စက်မှုဇုန်များပေါ်ထွက်လာရေး၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများ တိုးတက်နိုင်ရေး၊ ထုတ်ကုန်တိုးမြှင့်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေကြောင်း သိရသည်။

Most Read

Most Recent