ဗန်းမောက်မြို့နယ်တွင် ရွှေသတ္တုတူးဖော်နေသည့် ကုမ္ပဏီများသည် သစ်တောများပျက်စီးခြင်း၊ မြေငှားခကြွေးကျန်များရှိခြင်းနှင့် စာချုပ်ပါအချက်အချို့ကို ချိုးဖောက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း၏ အစီရင်ခံစာတွင် ဖော်ပြထား

ဗန်းမောက်မြို့နယ်တွင် ရွှေသတ္တုတူးဖော်နေသည့် ကုမ္ပဏီများသည် သစ်တောများပျက်စီးခြင်း၊ မြေငှားခကြွေးကျန်များရှိခြင်းနှင့် စာချုပ်ပါအချက်အချို့ကို ချိုးဖောက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း၏ အစီရင်ခံစာတွင် ဖော်ပြထား
Published 19 March 2018

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် ရွှေသတ္တုတူးဖော်နေသည့် ကုမ္ပဏီများသည် သစ်တောများ ပျက်စီးခြင်း၊ မြေငှားခကြွေးကျန်များရှိခြင်း နှင့် စာချုပ်ပါအချက်အချို့အား ချိုးဖောက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒေသန္တရစီမံကိန်း၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် မင်းဝင်းစိုးကုမ္ပဏီ၊ ရွှေဝင်းအောင်ကုမ္ပဏီနှင့် ဇလပ်ဖွင့်ကုမ္ပဏီ သုံးခုအား သစ်တောဦးစီးဌာနရုံးချုပ် နေပြည်တော်၏ ကွင်းဆင်းစစ်ဆေးချက်အရ ပျက်ဆီးဆုံးရှုံးခဲ့သော သစ်ပင်များကိုအပြည့်အ၀ ပြန်လည်စိုက်ပျိုးကြရန် ညွှန်ကြားထားသော်လည်း ပျက်စီးခဲ့သော သစ်ပင်၊ သစ်တောများကို ပြန်လည်ပြုစုမှုမရှိဘဲ ပြန်လည်အပ်နှံခြင်း၊ လုပ်ကွက်ပယ်ဖျက်များမပြုဘဲ ပယ်ဖျက်စာရင်း မတင်နိုင်ခြင်းဟု ယင်းအစီရင်ခံတွင် ထပ်မံဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် ရွှေမိုးဟိန်းကုမ္ပဏီ၏ လုပ်ကွက် ဧက ၈၀ သည် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကြောင်း၊ စာချုပ်စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူရန်၊ မြေငှားခကြွေးကျန်နှင့် သစ်ပင်ပျက်စီးမှု လျော်ကြေးငွေကို အာမခံငွေမှ ခုနှိမ်၍ကျန်ငွေကို ကုမ္ပဏီသို့ပြန်လည် ထုတ်ပေးပြီးမှ ပယ်ဖျက်စာရင်းတင်ရန် ညွှန်ကြားထားသော်လည်း စစ်ဆေးချိန်အထိ ညွှန်ကြားချက်အပေါ် ဆောင်ရွက်မှုမရှိကြောင်း သိရသည်။

အလားတူဗန်းမောက်မြို့နယ် ရွှေနီလှ ရွှေကုမ္ပဏီ၏ လျော်ကြေးငွေကြွေးကျန်ကို ကျပ် ၂၆၁၅၅၀၀ ပေးသွင်းရန် ကျန်ရှိနေခြင်းသည် တစ်နှစ်ကျော်နေပြီဖြစ်ကြောင်း၊ သစ်ပင်များ ပြန်လည်စိုက်ပျိုးမှု မရှိခြင်းကို သစ်တောဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဌာန မြို့နယ်တာဝန်ခံအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အရေးယူဆောင်ရွက်သင့်သည် ဟုစစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒေသန္တရ စီမံကိန်း၏ အစီရင်ခံစာက အကြံပြုထားကြောင်း သိရသည်။

ခန္တီးခရိုင် မော်လိုက်မြို့နယ်သစ်တော ဧရိယာအတွင်း ကျောက်မီးသွေးထုတ်လုပ်နေသည့် မန္တလေးဖြန့်ချိရေးနှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီမှလုပ်ပိုင်ခွင့်ရရှိခဲ့သော ၃၁၃၀ ဒသမ ၁၅ ဧကအနက် ဧက၂၀၀ အတွက်သာ မြေငှားခနှင့် အာမခံစပေါ်ကို ပေးဆောင်ပြီး ကျန် ၂၉၃၀ ဒသမ ၁၅ ဧကအတွက် ခြောက်နှစ်စာ မြေငှားရမ်းခကြွေးကျန် သိန်းပေါင်း ၂၀၅၁ ဒသမ ၁၀၅၅၀ သိန်းကျပ်နှင့် စုစုပေါင်း ငှားရမ်းခဲ့သည့် ၃၁၃၀ ဒသမ ၁၅ ဧကအတွက် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ပေးသွင်းခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် စာချုပ်ပါ စည်းမျဉ်းကမ်းစည်းများအား ချိုးဖောက်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် တရားစွဲဆိုရန် အကြံပြုထားကြောင်း သိရသည်။

Most Read

Most Recent