တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားများ၏ မြေသိမ်းဆည်းခံအမှုများကို ဆွေးနွေးနေပြီး လွှတ်တော်နှင့် အစိုးရထံ တင်ပြမည်

တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားများ၏ မြေသိမ်းဆည်းခံအမှုများကို ဆွေးနွေးနေပြီး လွှတ်တော်နှင့် အစိုးရထံ တင်ပြမည်
Published 19 March 2018

ပအိုဝ်းတိုင်းရင်းသားများ၏ မြေသိမ်းဆည်းခံအမှုများကို ဆွေးနွေးနေကြပြီး ရှမ်းပြည်နယ် လွှတ်တော်နှင့် အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ရုံးခန်းတွင် မတ် ၁၈ ရက်တွင် ကျင်းပနေခြင်းဖြစ်ပြီး မြို့နယ်ခြောက်ခုမှ ပအိုဝ်းတိုင်းရင်းသားများ၊ ရှမ်းပြည်နိုင်ငံရေးအဖွဲ့၊ တရားဥပဒေစိုးမိုးရေးကွန်ရက်တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သိမ်းဆည်းခံထားရသော နေရာများမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ တောင်ကြီး၊ ရပ်စောက်မြို့နယ်နှင့် ညောင်ရွှေမြို့နယ် စသောခြောက် မြို့နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားပေါင်း တစ်ထောင်ကျော်တို့သည် လယ်ယာမြေ ပေါင်း သုံးသောင်းကျော်ကို သိမ်းဆည်းခံထားရပြီး အဓိကအားဖြင့် PNO  ပါတီနှင့် PNA အသွင်ပြောင်းဌာနေ ပြည်သူ့စစ်တပ်ဖွဲ့တို့မှ သိမ်းဆည်းခြင်းဖြစ်ကာ လွန်ခဲ့သော နှစ်ပေါင်းများစွာမှစတင်ကာ ယခု ၂၀၁၇ ခုနှစ် အထိ မြေသိမ်းခြင်းအမှုတွဲတို့ပါဝင်ကြောင်း သိရသည်။

“မြေယာတွေဟာ ပြန်လည်ပေးအပ်ရမယ်လို့ ဥပဒေမှာပါတယ်လေ။ နောက်ပြီး မြေယာတွေဟာ သိမ်းဆည်းစဉ်က ဥပဒေနဲ့ အညီသိမ်းဆည်းတာမဟုတ်ဘူး။ မြေသိမ်း ဥပဒေနဲ့အညီသိမ်းဆည်းတာ တစ်ခုမှမရှိ သလောက်ပဲ။ မြေသိမ်းတုန်းက ဥပဒေနဲ့အညီ တရားဝင်သိမ်းတာ မဟုတ်ဘူး။ လက်နက်နဲ့ ခြိမ်းခြောက်ပြီးတော့ သိမ်းဆည်းတာဖြစ်တယ်။ ဥပဒေအတိုင်း” ဟု ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ပြောကြားသည်။

“ပအိုဝ်းတိုင်းရင်းသားတွေရဲ့ မြေယာသိမ်းဆည်းခံရမှုတွေကို ဆွေးနွေးပွဲလုပ်တယ်။ အခုမြေယာအမှုတစ်မှုချင်းစီအလိုက် တင်ပြတာ မလုပ်တော့ဘူး။ ငါးမြို့နယ်မှာရှိတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ သိမ်းဆည်းခံ မြေယာကိစ္စတွေကို တင်ပြမှာဖြစ်တယ်။ အဲဒီလို စုပေါင်းပြီး တင်ပြရာမှာ ပြည်နယ်အစိုးရရော၊ ပြည်နယ်လွှတ်တော်ရော သက်ဆိုင်ရာ ရေးရာကော်မတီတွေကိုရော လူကိုယ်တိုင် သွားရောက်တင်ပြမှာ ဖြစ်တယ်” ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောကြားသည်။

Most Read

Most Recent