တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများ လားရှိုးမြို့သို့ စစ်ဘေးရှောင်လာကြ

တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများ လားရှိုးမြို့သို့ စစ်ဘေးရှောင်လာကြ
Published 19 March 2018

တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လားရှိုးမြို့သို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များအား တွေ့ရစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအနီးတစ်ဝိုက်တွင်     တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လားရှိုးမြို့သို့  စစ်ဘေးတိမ်းရှောင်လာသူ အများအပြားရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်သူများသည် မတ် ၁၇ ရက်တွင် လားရှိုးမြို့သို့ရောက်ရှိလာကြပြီး  လားရှိုးမြို့ ရပ်ကွက် (၉) ရှိ အနောက်ပိုင်း ကချင်နှစ်ခြင်းအသင်းတော်ဘုရားကျောင်း၊ ရပ်ကွက် (၁) ရှိ ကရင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၊ သာသနာ (၂၅၀၀) ဘုရားကျောင်းတို့တွင် ရောက်ရှိလာကြကြောင်း သိရသည်။

မနေ့က ရွာထဲမှာ သေနတ်သံတွေကြားရတာနဲ့ တစ်ရွာလုံး ထွက်ပြေးလာကြတာ။ ရွာထဲမှာတော့ တပ်မတော်ဘက်ကရော TNLA ဘက်ကရော ဖြတ်သွားတာတွေတော့ တွေ့တယ်။ ပြီးတော့ သိပ်မကြာဘူးလေ သေနတ်သံတွေ ကြားရတော့တာပဲ။ လက်နက်ကြီးတွေလည်း ရွာထဲမှာ ကျတာတွေရှိတယ်။ ဒါနဲ့ အားလုံးမနေရဲကြတော့ဘဲ ၁၈ မိုင်ရွာအထိ နှစ်မိုင်လောက် လမ်းလျှောက်သွားကြတယ်။ ၁၈ မိုင် ရောက်တော့ ကားနဲ့ လားရှိုးကိုတက်လာကြတယ်” ဟု  လွယ်ပြေးကျေးရွာအုပ်စု ဂျန်မိုင်ရွာမှ ဒေါ်နန်ပန်က ပြောကြားသည်။

ရွာအနီးတိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကျေးရွာရှိ ဒေသခံအများအပြား ထွက်ပြေးလာခဲ့ကြရပြီးရွာတွင် ကျွဲ၊ နွားနှင့်အိမ်ခြံစောင့်ရန် အမျိုးသားအနည်းငယ်သာ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

“ရွာမှာတော့ အိမ်စောင့်အနည်းငယ်လောက်ပဲ ကျန်ခဲ့တယ်။သက်ကြီးရွယ်အိုတွေရယ်၊ အမျိုးသမီးတွေရယ်၊ ကလေးတွေရယ် အဝတ်ထုပ်ကိုယ်စီနဲ့ ထွက်ပြေးလာခဲ့ကြတာပါ။ လောလောဆယ် လားရှိုးမှာတော့ အဆင်ပြေပါတယ်။ ဒီမှာတော့ ရွာမှာထက်ပိုလုံခြုံ မှုရှိတယ်လို့ ပိုခံစားရတော့ ဘယ်လိုပဲနေရနေရ အဆင်ပြေပါတယ်” ဟု ဂျန်မိုင်ရွာမှ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောကြားသည်။

“စစ်ရှောင်တွေအတွက် အစားအသောက်ကတော့ နှစ်ရက်စာလောက်တော့ ရှိပါသေးတယ်။သူတို့တွေ အိပ်ဖို့အတွက်တော့ နည်းနည်းအခက်အခဲ ဖြစ်တာပေါ့။ ကြမ်းပြင်ပေါ်မှာ အိပ်ရတော့ အောက်ခင်းတွေလိုတယ်။ မနေ့ကတော့ အစားအသောက်တွေလာရောက် လှူဒါန်းတာတွေရှိတယ်” ဟု လားရှိုးမြို့ အနောက်ပိုင်း ကချင်နှစ်ခြင်းအသင်းတော်မှ ဦးဝေဇယ်က ပြောကြားသည်။

လားရှိုးမြို့သို့ရောက်ရှိလာသော စစ်ဘေးရှောင်သူများသည် သာသနာ (၂၅၀၀) ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စုငါးစုမှ လူဦးရေ ၂၄ ဦး၊ အနောက်ပိုင်း ကချင်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းတွင် အိမ်ထောင်စု ၃၀ မှ လူဦးရေ ၄၈ ဦး၊ ကရင်နှစ်ခြင်း အသင်းတော်ဘုရားကျောင်းတွင် အိမ်ထောင်စု ၂၃ စုမှ လူဦးရေ ၆၆ ဦး၊ ရတနာမဉ္ဇူ ဘုန်းတော်ကြီးကျောင်းတွင် ၂၈ ဦး ရောက်ရှိလာပြီး ၎င်းတို့အတွက် ခြုံစောင်များနှင့် အခင်းများ လိုအပ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းတွင် မတ်လအတွင်း ဖြစ်ပွားသောတိုက်ပွဲများကြောင့် ကျေက်မဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများလည်း စစ်ဘေးရှောင်များအဖြစ် ကျောက်မဲမြို့သို့ ရောက်ရှိစစ်ဘေးရှောင်နေကြရပြီး တိုက်ပွဲများအကြား ပိတ်မိနေသည့် ဒေသခံများလည်းရှိကြောင်း သိရသည်။

Most Read

Most Recent