အာဆီယံ-သြစတြေးလျ မျက်နှာစုံညီနှင့် သီးသန့်အစည်းအဝေးများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

အာဆီယံ-သြစတြေးလျ မျက်နှာစုံညီနှင့် သီးသန့်အစည်းအဝေးများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Published 19 March 2018

ဆစ်ဒနီမြို့ရှိ International Convention Centre ၌ ကျင်းပသည့် အာဆီယံ-သြစတြေးလျ မျက်နှာစုံညီအစည်းအဝေးသို့ မတ် ၁၈ ရက် နံနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးဖွင့်ပွဲတွင် သြစတြေးလျဓနသဟာယနိုင်ငံဝန်ကြီးချုပ်  မဲလ်ကွန်တန်ဘဲလ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ၂၀၁၈ခုနှစ် အာဆီယံအလှည့် ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အာဆီယံ - သြစတြေးလျ ဆွေးနွေးဖက်ညှိနှိုင်းရေးမှူးအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံနိုင်ငံများနှင့် သြစတြေးလျနိုင်ငံခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်၍ သဘောထားအမြင်များ ကို ဆွေးနွေးပြောကြားခဲ့ပြီး မျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံ-သြစတြေးလျ  ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ အာဆီယံ - သြစတြေးလျ စီးပွားရေး မိတ်ဖက်ဆက်ဆံရေးနှင့် အာဆီယံ - သြစတြေးလျ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများနှင့် သြစတြေးလျနိုင်ငံခေါင်းဆောင်များအကြား သဘောထားအမြင်များကို ဖလှယ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ အာဆီယံနိုင်ငံများနှင့် သြစတြေးလျနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သြစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် နေအိမ်ဧည့်ခန်းမ ( Admiralty House , The Drawing Room)  ၌ ကျင်းပသည့် အာဆီယံနှင့် သြစတြေးလျနိုင်ငံခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် သြစတြေးလျ ဓနသဟာယနိုင်ငံဝန်ကြီးချုပ် မစ္စတာ မဲလ်ကွန်တန်ဘဲလ်နှင့် စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး နှုတ်ခွန်းဆက် စကားများပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံ - သြစတြေးလျညှိနှိုင်းရေးမှူး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုအခြေအနေများ၊ စိန်ခေါ်မှုများနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေနှင့် ဒေသတွင်းကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့ပြီး အစည်းအဝေးတွင် နိုင်ငံတကာနှင့် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြပြီး အာဆီယံ - သြစတြေးလျအထူးထိပ်သီး အစည်းအဝေး၏ ပူးတွဲကြေညာချက်ဖြစ်သည့်  Sydney Declaration ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သြစတြေးလျနိုင်ငံတွင် တရားဝင်ချစ်ကြည် ရေးခရီးစဉ်အဖြစ် ကင်ဘာရာမြို့သို့ ထွက်ခွာခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ တာဝန်ရှိသူများနှင့်အတူ သြစတြေးလျ ဓနသဟာယနိုင်ငံ တပ်မတော်အထူးလေယာဉ်ဖြင့် ဆစ်ဒနီမြို့မှ ထွက်ခွာလာရာ ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၂၀ တွင် ကင်ဘာရာမြို့  Fairbairn တပ်မတော်လေဆိပ်သို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent