INGOs, NGOs များ၏ လှူဒါန်းငွေများကို ထိရောက်မှန်ကန်စွာ သုံးစွဲနိုင်ရန် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်သင့်ကြောင်း အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီအစီရင်ခံစာ တင်သွင်း

INGOs, NGOs များ၏ လှူဒါန်းငွေများကို ထိရောက်မှန်ကန်စွာ သုံးစွဲနိုင်ရန် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်သင့်ကြောင်း အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီအစီရင်ခံစာ တင်သွင်း
Published 19 March 2018

INGOs, NGOs များ၏ လှူဒါန်းငွေများကို ထိရောက်မှန်ကန်စွာသုံးစွဲနိုင်ရန် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်သင့်ကြောင်း အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယနှစ်ပတ်လည်ကာလအတွင်း  လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား မတ် ၁၆ ရက်တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တင်သွင်းရာတွင် ဖော်ပြထားချက်အရ သိရသည်။

ကော်မတီ၏အစီရင်ခံစာတွင်  INGOs, NGOs များ၏ လှူဒါန်းငွေများကို ထိရောက်မှန်ကန်စွာ သုံးစွဲနိုင်ရန် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်သင့်ကြောင်း၊ နိုင်ငံတကာမှ အလှူရှင် အဖွဲ့အစည်းများ၏ လှူဒါန်းငွေများကို ထိရောက်မှန်ကန်စွာသုံးစွဲနိုင်ရန် စီမံကိန်းများရေးဆွဲရာတွင် ပါဝင်သင့်ပါဝင်ထိုက်သည့် နယ်ပယ်စုံမှပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများနှင့် အတတ်နိုင်ဆုံးထိတွေ့ပြီး ဦးစားပေးအဆင့်အလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်မည်ဆိုပါက ကောင်းမွန်သော  ရလဒ်များ ထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်း  ဖော်ပြထားသည်။

INGOs များ၏ မှတ်ပုံတင်သက်တမ်း နှင့် MoU သက်တမ်းမတူညီခြင်းကြောင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့နှင့် MoU လက်မှတ်ရေး ထိုးထားသည့် INGOs များ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ပေးခြင်း၊ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် မှတ်တမ်းတင်၍ အားသာချက်၊ အားနည်းချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် INGOs များအနေဖြင့် မြေပြင်တွင် လုပ်ငန်းများကိုဆောင်ရွက်ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နယ်မြေဒေသအုပ်ချုပ်ရေးမှူးများ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပါက အမှန်တကယ်လိုအပ်သည့် နေရာဒေသများသို့ ပိုမိုထိရောက်စေနိုင်မည်ဖြစ်ကြောင်း၊ INGOs များအနေဖြင့် နယ်မြေဒေသများတွင် လုပ်ငန်းများဆောင်ရွက်ရာ၌ ဒေသခံများတွင် လူ၊ ပစ္စည်း အရင်းအမြစ်အားနည်းခြင်း၊ ဆရာ၊ ဆရာမများ ရွေးချယ်ခန့်အပ်ရာတွင် တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းမှုအားနည်းခြင်း၊ မိဘများ၏ အသိဉာဏ် ဗဟုသုတနည်းပါးခြင်းနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် သင်တန်းများသို့ မတက်ရောက်နိုင်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များထံမှ ပံ့ပိုးကူညီမှုရရှိရန် လိုအပ်ခြင်း စသည့် အခက်အခဲများအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရကြောင်း ကော်မတီအစီရင်ခံစာတွင် ပါရှိသည်။

INGOs အဖွဲ့အစည်းများအနေဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့် ဆောင်ရွက်ရာတွင် ပါဝင်လာနိုင်ခဲ့ကြသော်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်များအထိ ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ မူဝါဒများ ချမှတ်ရာ၌ ပိုမိုအားကောင်းလာစေရန် လွှတ်တော်ကိုယ်စားလှယ်များ၊ INGOs အဖွဲ့အစည်းများ ဒေသအာဏာပိုင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်သင့်ကြောင်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

Most Read

Most Recent