ရန်ကုန်သြင်္ကန်မဏ္ဍပ်များတွင် ရေအားပြင်းသော Pressure Pipe ဖြင့် ရေပက်ခြင်းကို ခွင့်မပြုဘဲ ရေဆိုးရေပုပ်များဖြင့် ရေပက်ခြင်း၊ ဆပ်ပြာမှုန့်ထည့်ပြီး ဂက်စ်ဘူးများဖြင့် ပက်ကစားပါက ဥပဒေအရ အရေးယူမည်ဟုဆို

ရန်ကုန်သြင်္ကန်မဏ္ဍပ်များတွင် ရေအားပြင်းသော Pressure Pipe ဖြင့် ရေပက်ခြင်းကို ခွင့်မပြုဘဲ ရေဆိုးရေပုပ်များဖြင့် ရေပက်ခြင်း၊ ဆပ်ပြာမှုန့်ထည့်ပြီး ဂက်စ်ဘူးများဖြင့် ပက်ကစားပါက ဥပဒေအရ အရေးယူမည်ဟုဆို
Published 19 March 2018

၂၀၁၇ ခုနှစ်ရန်ကုန်မြို့တော်ဝန် သြင်္ကန်မဏ္ဍပ်တွင် ရေကစားကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရန်ကုန်သြင်္ကန်မဏ္ဍပ်များတွင် ရေအားပြင်းသော Pressure Pipe ဖြင့် ရေပက် ခြင်းကိုခွင့်မပြုဘဲ ရေဆိုးရေပုပ်များဖြင့် ရေပတ်ခြင်း၊ ဆပ်ပြာမှုန့်ထည့်ပြီး ဂက်စ်ဘူးများဖြင့် ရေပက်ကစားပါက ဥပဒေအရအရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ရေပက်ခံသူများ ထိခိုက်နာကျင်မှုဖြစ်စေသည့် ရေအားပြင်းသော Pressure Pipe ဖြင့်ရေပက်ခြင်းကို လုံးဝခွင့်မပြုကြောင်း၊ ရေဆိုးရေပုပ်များဖြင့် ပက်ခြင်း၊ ဆပ်ပြာမှုန့်ထည့်ပြီး ဂက်စ်ဘူးများ ဖြင့်ပက်ခြင်း၊ ရေခဲထုပ်၊ ရေပူဖောင်းများဖြင့် ပစ်ပေါက်ခြင်း၊ ထိခိုက်အန္တရာယ်ရှိစေသည့် ပစ္စည်းများဖြင့် ရေပက်ကစားခြင်းများမရှိစေရန် သက်ဆိုင်ရာမဏ္ဍပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စနစ်တကျ ကွပ်ကဲထိန်းသိမ်းပေးရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးများအနေဖြင့် မဏ္ဍပ်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး အများအမြင်တွင် လက်မခံနိုင်သော ဝတ်စားဆင်ယင်ခြင်းစသည့် ဟီရိသြတ္တပ္ပတရားကင်းမဲ့သည့် အဝတ်အစားများ ဝတ်ဆင်ကပြသီဆိုခြင်းများ မပြုလုပ်ရန်၊ သက်ဆိုင်ရာ မဏ္ဍပ်တာဝန်ခံများက အလေးထား ကြပ်မတ်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားခရီးသည်များ စိတ်ဝင်စားပြီး လေ့လာမှတ်တမ်းဓာတ်ပုံဗီဒီယိုများ ရိုက်နေသည်ကို ဂရုပြုပြီး မိမိတို့၏ သရုပ်ပျက်များကြောင့် မိမိနိုင်ငံ၊ မိမိလူမျိုးသိက္ခာမမဲ့စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့်မအပ်စပ်သော အပြုအမူ၊ အပြောအဆို၊ ဝတ်စားဆင်ယင်မှု၊ ခုန်ပေါက် အော်ဟစ်သီဆိုမှု စသည့်သရုပ်ပျက် လုပ်ဆောင်မှုများ လုံးဝမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မဏ္ဍပ်ကြော်ငြာများတွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သက်သော ကြော်ငြာများထည့်သွင်းခွင့် မပြုကြောင်း၊ မဏ္ဍပ်လုံခြုံရေးအတွက် လိုအပ်သောနေရာတွင် ဧပြီ ၁၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီနောက်ဆုံးထားပြီး CCTV များ တပ်ဆင်ပြီး၊ ကျွမ်းကျင်သူများအား တာဝန်ပေးထားရန်နှင့် နေ့စဉ် CCTV မှတ်တမ်းများအား သက်ဆိုင်ရာ ကွပ်ကဲမှုရုံးများသို့ ည ၈ နာရီထက် နောက်မကျဘဲ ပေးပို့တင်ပြသွားရန်နှင့် တပ်ဆင်ခြင်းမရှိပါက ဒဏ်ကြေးငွေ ၁၀ သိန်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ်အား နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ ရေကစားချိန်အဖြစ် သတ်မှတ်ထားကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေသည့် အပြုအမူ၊ အပြောအဆို၊ ဝတ်စားဆင်ယင်ခြင်းများကို ဆောင်ရွက်ပြုလုပ်ပါက မဏ္ဍပ်အား ချက်ချင်းပိတ်သိမ်းမည်ဖြစ်ပြီး လျှောက်ထားသူ သက်ဆိုင်ရာမဏ္ဍပ်တာဝန်ခံအား နောင်လာမည့် မဟာသြင်္ကန်ပွဲတော် နှစ်နှစ်ခွင့်ပြုဆောင်ရွက်ခြင်းအား ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကန်တော်ကြီးပတ်လမ်းတွင် ခွင့်ပြုမိန့်ရရှိသော မဏ္ဍပ်များအနေဖြင့် ယာဉ်ကြောနှစ်ခုအတွက် Ramp နှစ်ခုကို အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ သတ်မှတ်ထားသော ဒီဇိုင်းပုံစံအတိုင်း မိမိတို့အစီအစဉ်ဖြင့် ပြုလုပ်ဆောင်ရွက်ရန်၊ တာဝန်ရှိသူများက လိုက်လံစိစစ်ချိန်တွင် အားနည်းချက်များရှိသည်ကို တွေ့ရှိရပါက ညွှန်ကြားသည့်အတိုင်း ဖြည့်စွက်ပြုပြင်ရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်များကို ယာယီရေသွယ်ရာတွင် သက်ဆိုင်ရာဌာနမှ ညွှန်ကြားချက်များအတိုင်းသာ ဆက်သွယ်ဆောင်ရွက်ကြရန်၊ ခွင့်ပြုချက်နှင့် ကွဲလွဲပြီး ဆောင်ရွက်ခြင်းများ စိစစ်တွေ့ရှိပါက ပိုက်အရွယ်အစားအလိုက် ကျသင့်ရေသွယ်ခ၊ ရေဖိုးဒဏ်ကြေး  သုံးဆပေးဆောင်ရမည် ဖြစ်သည်။

ဆက်လက်ပြီး မိမိသြင်္ကန်မဏ္ဍပ်မှ နေ့စဉ်ထွက်ရှိသော စက္ကူ၊ ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်၊ ဘူးခွံ၊ ပုလင်းခွံ စသည့် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးကို မိမိသြင်္ကန်မဏ္ဍပ်မှပင် ကြပ်မတ်ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ သြင်္ကန်မဏ္ဍပ်ဖျက်သိမ်းပြီး ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းရာတွင် အမှိုက်ထွက်ရှိမှုအပေါ်မူတည်ပြီး အမှိုက်သိမ်းဆည်းခအား တွက်ချက်၍ ကျသင့်ငွေကို စပေါ်ငွေမှနှိမ်မည်ဖြစ်ကြောင်း၊ မဏ္ဍပ်အတွင်းတွင် အလုံပိတ်အခန်းများ ထည့်သွင်းတည်ဆောက်ခြင်း လုံးဝမပြုလုပ်ရန်၊ မဏ္ဍပ်အတွင်း အရက်ဆိုင်၊ ဘီယာဆိုင်များ လုံးဝမရှိစေရန်၊ ရေကစားမဏ္ဍပ်များတွင် မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စား မူးယစ်ပြီး ပါဝင်လှုပ်ရှားနေသူများ မရှိစေရန် မဏ္ဍပ်တာဝန်ခံများက ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent