နွေရာသီတွင် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်နိုင်သဖြင့် ကြိုတင်ကာကွယ်ရမည့်အချက်များ ထုတ်ပြန်

နွေရာသီတွင် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်နိုင်သဖြင့် ကြိုတင်ကာကွယ်ရမည့်အချက်များ ထုတ်ပြန်
Published 19 March 2018

ရန်ကုန်မြို့လယ် တစ်နေရာတွင် မိုးရွာသွန်းနေသည်ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ်

နွေရာသီကာလတွင် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်နိုင်သဖြင့် ကြိုတင်ကာကွယ်ရမည့် အချက်များကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် နှစ်စဉ် မတ်၊ ဧပြီနှင့် မေလများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းကြောင့် အိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများဖြစ်ပွားခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ် ၁၄ ခုရှိ မြို့နယ်ပေါင်း ၅၉ မြို့နယ်မှ လူဦးရေတစ်သိန်းခွဲခန့် ဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး ၄၄ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြို့နယ်ပေါင်း ၂၂၈ မြို့နယ်မှ လူဦးရေ ငါးသောင်းကျော် ဘေးဒုက္ခကြုံတွေ့ခဲ့ကာ ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ မဖြစ်ပေါ်မီ မိမိတို့ နေအိမ်အဆောက်အအုံများကို ကြံ့ခိုင်မှုစစ်ဆေးရန်၊ အိမ်အမိုးများကို ခိုင်ခံ့အောင် ပြန်လည်စစ်ဆေးပြင်ဆင်ရန်၊ ခေါင်ချုပ်ကန့်လန့်ဖြတ်တန်းများ၊ ရေပြင်ညီ ချုပ်တန်းများထည့်ရန်၊ သွပ်အမိုးဖြစ်ပါက အစွန်ကျသောနေရာများတွင် သွပ်သံစိပ်စိပ်ရိုက်ရန်၊ ဓနိ၊ သက်ကယ်အမိုးဖြစ်ပါက ဝါးရာဇ မတ်ကွက်ကြက်နင်းဖြင့် ခိုင်ခံ့စွာအုပ်ရန်၊ သွပ်နန်းကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်ရန်တို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လေဒဏ်ခံနိုင်ရေးအတွက် ကန့်လန့်ဖြတ်ဘေးထောက်တန်းများ၊ နံရံထောက်တန်းများ ဒေါက်တိုင်များကို လိုအပ်သည့်နေရာများတွင် ကျားကန်တပ်ဆင်ရန်၊ မြေဝင်အိမ်တိုင်များအား ချောင်ပြီး လှုပ်နေခြင်းရှိ မရှိ စစ်ဆေးပြီး လိုအပ်လျှင် တိုင်ဖိနပ်ပတ်လည်တွင် မြေဖို့၍ သိပ်သည်းကျစ်လျစ်အောင် မြေကျပ်ပေးရန်၊ အိမ်၏ အကွဲအဆက်ပြုထားသည့် နေရာအားလုံးကို ချောင်ထွက်မနေအောင် ဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် လေပြင်းများ တိုက်ခတ်လာပါက လယ်ကွင်း၊ ကွင်းပြင်ထဲ နေထိုင်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ မဖြစ်မနေအိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်ဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းရန်၊ အန္တရာယ်ဖြစ်နိုင်ခြေ ရှိသောကြောင့် မိမိကိုယ်ကိုယ်အကာအကွယ်ပြုရန်၊ မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ် လျှပ်စီးလက်နေချိန်များတွင် တယ်လီဖုန်းများ အသုံးပြုခြင်း ရှောင်ကြဉ်ရန်၊ တီဗီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှစ်စစ်မီးပူနှင့် ကွန်ပျူတာ စသည့် လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်ထားရန်၊ သစ်ပင်ဓာတ်တိုင်နှင့် သံသတ္တုပစ္စည်းများအနီးတွင် မနေရန်နှင့် ရုတ်တရက် တိမ်မည်းလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း မိုးခြိမ်းပြီး အတော်ကြာမှ လျှပ်ပြက်ခြင်း၊ အပူထုထဲတွင် လေအေးများကို ခံစားရခြင်းစသည့် မီုးသီးမုန်တိုင်း၏ လက္ခဏာများကို သတိပြုရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent