ရခိုင်ပြည်နယ်အတွင်း အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများတွင် ပါဝင်လာမည့် ကလေးနှင့် ကိုယ်ဝန်ဆောင်များအတွက် ကြိုတင်ပြင်ဆင်ထား

ရခိုင်ပြည်နယ်အတွင်း အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများတွင် ပါဝင်လာမည့် ကလေးနှင့် ကိုယ်ဝန်ဆောင်များအတွက် ကြိုတင်ပြင်ဆင်ထား
Published 18 March 2018

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများတွင် ပါဝင်လာမည့် ကလေးနှင့် ကိုယ်ဝန်ဆောင်များအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်မှုလုပ်ငန်းများကို အထူးဦးစားပေးလုပ်ငန်းတစ်ခု အနေဖြင့် လုပ်ဆောင်နေပြီး လိုအပ်သော အစားအသောက်များနှင့် ပတ်သက်၍ World Food Pro-gram (WFP) နှင့် ပူးပေါင်း၍ လုပ်ဆောင်နေပြီး ဖြည့်စွက်စာများ၊ ဗီတာမင်များ စသည်တို့ကိုလည်း WFP က ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။

“အာဟာရချို့တဲ့မှုကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုက သန်ကောင်၊ တုတ်ကောင်၊ Infestation ရဲ့ Infection တွေပါ။ ဒါတွေအတွက် ပုံမှန်သန်ချတဲ့လုပ်ငန်းတွေ လုပ်နေတာတွေလည်းရှိတယ်။ အခုပြန်ဝင်လာမယ့်သူတွေမှာ ပါဝင်လာမယ့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်လည်း အာဟာရနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားပါတယ်။ ပြည်နယ်အတွင်း အာဟာရရရှိမှု အပိုင်းနဲ့ပတ်သက်တဲ့ စစ်တမ်းတွေ၊ လိုအပ်တဲ့ ကိုယ်အရပ်တိုင်းတာ၊ အလေးချိန် တိုင်းတာတွေကိုလည်း စောင့်ကြည့်လေ့လာသွားမှာပါ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ကလေးသူငယ်များ၏ အာဟာရပြည့်ဝမှုနှုန်းသည် တစ်နိုင်ငံလုံးတွင် အနိမ့်ဆုံး အခြေအနေတွင်ရှိနေပြီး ကလေးသူငယ်များ၏ ၃၈ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးမှုနိမ့်ကျကာ ၃၄ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန် ရှိသင့်သလောက် မရှိသည်ကို တွေ့ရကြောင်း၊ ပဋိပက္ခများနှင့် ဆင်းရဲနွမ်းပါးမှု ပိုမိုမြင့်မားလာသည့် အတွက်ကြောင့် အာဟာရချို့တဲ့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အာဟာရဌာနခွဲမှ ရေးဆွဲဆောင်ရွက်နေသည့် ‘လတ်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်ခြင်း’ စီမံချက်ကို အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနည်းတူ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရရှိနေသည့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်သည် နိမ့်ကျနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတစ်နိုင်ငံတွင် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုရှိရန်အတွက် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား အနည်းဆုံး ၂၂ ဦးရှိရန် လိုအပ်သည်ဟု အကြံပြုထားကြောင်း၊ တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းအရ မြန်မာတစ်နိုင်ငံလုံး၌ ကျန်းမာရေးလုပ်သားအင်အားသည် လူတစ်သောင်းလျှင် ၁၆ ဦးခန့် ရှိသော်လည်း ရခိုင်ပြည်နယ်တွင် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား ငါးဦးသာရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကလေးသေနှုန်းသည်လည်း တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် မြင့်နေကြောင်း၊ ကလေးမွေးဖွားသည့် အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသာလျှင် ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများရှိသည့် ဆေးရုံဆေးပေးခန်းများတွင် မွေးဖွားကြကြောင်းနှင့် ကာကွယ်ဆေးထိုးရုံဖြင့် ကာကွယ်နိုင်သည့် ရောဂါအများအပြား မကြာမီနှစ်များ အတွင်းက အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရပြီး ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် တစ်ပြည်လုံးတွင် ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့သူများ၏ ၅၂ ရာခိုင်နှုန်းသည် ၎င်းတို့အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို လုံလောက်စွာ ရရှိခြင်းမရှိဟု ဖြေဆိုခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent