သက်ငယ်မုဒိမ်းအား ထိရောက်သော ပြစ်ဒဏ်ပေးရေး တောင်ငူမြို့တွင် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းဆန္ဒထုတ်ဖော်

သက်ငယ်မုဒိမ်းအား ထိရောက်သော ပြစ်ဒဏ်ပေးရေး တောင်ငူမြို့တွင် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းဆန္ဒထုတ်ဖော်
Published 18 March 2018

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် မတ် ၁၇ ရက် ညနေပိုင်းက အဖွဲ့အစည်းပေါင်းစုံ စုပေါင်း၍ သက်ငယ်မုဒိမ်းအား ထိရောက်သော ပြစ်ဒဏ်သတ်မှတ်ပေးရေး ကြွေးကြော်သံများဖြင့် တောင်ငူမြို့တွင်းလမ်းများ၌ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေး အဖွဲ့အစည်းများနှင့် ရှေ့နေများ၊ ဥပဒေပညာရှင်များနှင့် အမျိုးသမီးငယ်အချို့ ပူးပေါင်းပါဝင်ဆန္ဒ ထုတ်ဖော်၍ အင်အား ၁၀၀ ဝန်းကျင် ပါဝင်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ တရားဝင် အသိပေး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စုပေါင်းဆန္ဒ ထုတ်ဖော်ခြင်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ် ဖော်ခွင့်ရရန် လျှောက်ထားသူ ကိုမြတ်အောင်လင်းက “တချို့ကတော့ ဒါမူးယစ်ဆေးတွေကြောင့်ပေါ့နော်။ တချို့အမှုတွေကျတော့ ပညာမတတ်လို့ဖြစ်တာ။ တချို့အမှုတွေကျတော့ ဆွေမျိုးအချင်းချင်းတွေ ဖြစ်ကြတယ်။ ပြောမယ်ဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စတွေပဲ။ ဒါဟာ ကျွန်တော့်ရဲ့အမြင်နဲ့ ပြောတာပါ၊ တိုင်းပြည်အနေနဲ့ ပြောရင်တော့ တိုင်းပြည်စီးပွားရေးကျနေတဲ့ အချိန်မှာ ဒါမျိုးအမှုတွေ အဖြစ်များတယ်ပေါ့နော်။ ကျွန်တော့်အနေနဲ့တော့ သက်ငယ်မုဒိမ်းမှုတွေကို အမြင့်ဆုံးပေါ့နော်။ သေဒဏ်အနေနဲ့ စံပြအနေနဲ့ သေဒဏ်ချမှတ်ပေးလို့ရှိရင် နောက်ဆို ဒီသက်ငယ်မုဒိမ်းမှုတွေ လျော့နည်းသွားစေချင်လို့ ဒီပွဲကိုလုပ်တာပါ” ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲအား ညနေ ၃ နာရီခွဲ၌ တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားအရှေ့မုခ်မှ စတင်၍ နံပါတ် ၆ လမ်း၊ နံပါတ် ၁ လမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကုန်သည်ကြီးလမ်း၊ ကန်လမ်းတို့တွင် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်သံများ အော်ဟစ်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲ ပူးပေါင်းပါဝင်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဥမ္မာစောကလည်း “ဒီနေ့တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ သက်ငယ်မုဒိမ်းကိစ္စတွေဟာ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း အဲဒီမှာဖြစ်နေတဲ့ သက်ငယ်မုဒိမ်းကိစ္စတွေဟာ ဆက်စပ်တဲ့မိဘတွေ၊ အုပ်ထိန်းသူတွေ ပတ်ဝန်းကျင်ကရှိတဲ့ လူတွေအနေနဲ့က ဒီအသိပညာတွေ အတတ်ပညာတွေ ပြစ်မှုပြစ်ဒဏ်ပိုင်းတွေကို မသိလို့ သိရကောင်းမှန်းလည်း မကြိုးစားဘူး။ မသိလည်းမသိဘူး။ မိမိရဲ့ ပတ်ဝန်းကျင်ကိုလည်း လိုက်နာရမယ်။ စောင့်ထိန်းရမယ်ဆိုတဲ့ အဲဒီလိုမျိုး ဟောပြောပွဲတွေ ဆန္ဒပြုပွဲတွေ မရှိခဲ့လို့သာလျှင် ဒီလိုကိစ္စတွေဟာ မကြာခဏ ဖြစ်ပွားနေတယ်လို့ အန်တီမြင်ပါတယ်။ အဲဒီတော့ သက်ငယ်မုဒိမ်းဆိုတာ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ကိစ္စတွေလေ။ အဲဒီတော့ အမှုမှန် တရားခံအမှန်ဖြစ်တယ် ဆိုရင်တော့ သေဒဏ်ပေးသင့်တယ်လို့ပဲ အန်တီက အဆိုပြုချင်ပါတယ်” ဟု ပြောကြားသည်။

တောင်ငူမြို့အတွင်း၌ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ပြီးနောက် တောင်ငူမြို့ မင်းကြီးညိုရုပ်တုရှေ့သို့ ရောက်ရှိကာ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူများက သက်ငယ်မုဒိမ်းနှင့် ပတ်သက်ပြီး ထိရောက်သော ပြစ်ဒဏ်ပေးရေး၊ ယခုဆန္ဒထုတ်ဖော်ပွဲမှာ သက်ငယ်ကလေးများ၊ ကလေးမိဘများ သိရှိစေရန် အသိပေး ဆန္ဒထုတ်ဖော်ခြင်းမဟုတ်ဘဲ၊ သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ထိရောက်သော ပြစ်ဒဏ်များနှင့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးပေးရန် အစိုးရကိုလည်းကောင်း၊ လွှတ်တော်ရေးရာကိုလည်းကောင်း တင်ပြတောင်းဆိုသော ဆန္ဒထုတ်ဖော်ပွဲဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲပြီးပါကလည်း လက်မှတ်ရေး၍ သက်ငယ်မုဒိမ်း စာတမ်းပြုစုကာ ယင်းစာတမ်းအား သူရဦးရွှေမန်း၏ ဥပဒေအထူးအကြံပေး ကော်မတီထံသို့ တင်ပြမည်ဖြစ်ကြောင်း ဟောပြောခဲ့ကြသည်။

Most Read

Most Recent