နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းဖြစ် အရက်များကို ရောစပ်ကာ ပါကင်ထုပ်ပိုး သိုလှောင်ထားသည့် အရက်တုဖာ ၁၇၀ ကျော် အပါအဝင် အရက်တုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများအား လှိုင်မြို့နယ်တွင် သိမ်းဆည်းရမိ

နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းဖြစ် အရက်များကို ရောစပ်ကာ ပါကင်ထုပ်ပိုး သိုလှောင်ထားသည့် အရက်တုဖာ ၁၇၀ ကျော် အပါအဝင် အရက်တုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများအား လှိုင်မြို့နယ်တွင် သိမ်းဆည်းရမိ
Published 18 March 2018

ဖမ်းဆီးရမိသော သက်သေခံ ပစ္စည်းများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ- Yangon Police)

နိုင်ငံခြားဖြစ် အရက်များနှင့် ပြည်တွင်းဖြစ် အရက်များကို ရောစပ်ကာ နိုင်ငံခြားဖြစ် အရက်ပုလင်းများအတွင်း ထည့်၍ ပါကင်ထုပ်ပိုး သိုလှောင်ထားသည့် အရက်တုဖာ ၁၇၀ ကျော်နှင့် အရက်တုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများအား မတ် ၁၇ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း ပိတောက်ချောင်း နယ်မြေရဲစခန်းမှ စုံစမ်းသိရသည်။

“ဟုတ်ပါတယ်။ လှိုင်မြို့နယ်မှာပါ။ အရက်တုတွေကို ဒီနေ့မိလို့ စစ်ဆေး ဆောင်ရွက်နေပါတယ်” ဟု ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မတ် ၁၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပိတောက်ချောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ နိုင်ငံခြားဖြစ် အရက်မျိုးစုံအား ရောစပ် အတုပြုလုပ်နေသည်ဟု သတင်းရသည့် လှိုင်မြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ ရတနာမွန်(၂)လမ်းရှိ နေအိမ်ခြံဝင်း တစ်ခုအတွင်းသို့ စစ်ဆေးရန် သွားရောက်ခဲ့ပြီး ထိုသို့သွားရောက်စဉ် အမှတ် (၅) ရပ်ကွက်၊ ရတနာမွန် (၃)လမ်းထိပ် အရောက်၌ Fielder အမျိုးအစား အနက်ရောင်ယာဉ်တစ်စီးကို တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အရက်တုပြုလုပ်ရာတွင် အသုံးပြုသည့် ဘောစိများ၊ ဝါရှာပြားများနှင့် တန်ဖိုးမြင့် နိုင်ငံခြားဖြစ် အရက်များဖြစ်သည့် Red Label ၊ Black Label ၊ Chivas Regal တံဆိပ်များပါသည့် အရက်ထည့်သည့် စက္ကူဖာများ၊ Red Label တံဆိပ်ပါ အရက်ပုလင်းခွံများ၊ အရက်ရောစပ်ရာတွင် အသုံးပြုသည့် အရောင်တင်ဆီ ပုလင်းတစ်လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် အဆိုပါယာဉ်ကို မောင်းနှင်လာသည့် ယာဉ်မောင်းဖြစ်သူကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းရာတွင် အမှတ် (၅)ရပ်ကွက်၊ ရတနာပုံ(၃)လမ်းတွင် နေထိုင်သည့် ဦးတင်ထွန်းဆိုသူက ၎င်းအား စေခိုင်းသဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဦးတင်ထွန်း၏ နေအိမ်အား သွားရောက်စစ်ဆေး ရှာဖွေခဲ့ပြီး ၎င်း၏ နေအိမ်အတွင်းမှ နိုင်ငံခြားဖြစ် အရက်များ၏ အဖုံးများ၊ ပုလင်းတံဆိပ်ကပ်ရာတွင် အသုံးပြုသည့် Gun သုံးခု၊ ကော်ချော တစ်ထုပ်တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ဦးတင်ထွန်းအား ဆက်လက် စစ်ဆေးမေးမြန်းခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အမှတ် (၄) ရပ်ကွက်၊ ရတနာမွန် (၂) လမ်းရှိ နေအိမ်ခြံဝင်း တစ်ခုအတွင်း နိုင်ငံခြားဖြစ်နှင့် ပြည်တွင်း အရက်များကို ရောစပ်ကာ နိုင်ငံခြားဖြစ် အရက်ပုလင်းများအတွင်း ပါကင်ပိတ် ထုပ်ပိုး သိုလှောင်ထားကြောင်း သိရသဖြင့် အဆိုပါ နေအိမ်ခြံဝင်းသို့ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ Glan Master တံဆိပ်ဖြင့် အရက် ဖာ ၄၀၊ kingdon တံဆိပ်ဖြင့် အရက်ဖာ ၄၅ ဖာ၊ Dunfife တံဆိပ်ဖြင့် အရက်ဖာ ၂၂ ဖာ၊ High Commissioner တံဆိပ်ဖြင့် အရက် ဖာ ၃၂ ဖာ၊ Columbus တံဆိပ်ဖြင့် အရက်ဖာ ရှစ်ဖာတို့နှင့် နိုင်ငံခြားဖြစ် အရက်ပုလင်း အခွံမျိုးစုံ ထည့်ထားသည့် ဖာ ၂၅ ဖာတို့ကို ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် နိုင်ငံခြားဖြစ် အရက်တုများပြုလုပ်သူ ဦးတင်ထွန်းနှင့် အရက်တုများကို သယ်ဆောင်လာသည့် ယာဉ်ကို မောင်းနှင်လာသည့် ယာဉ်မောင်းဖြစ်သူတို့အား သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်လျက် ရှိကြောင်း ပိတောက်ချောင်း နယ်မြေရဲစခန်းမှ စုံစမ်းသိရသည်။

Most Read

Most Recent