အေအက်ဖ်ပီ အပါအဝင် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောဒေသသို့ ကွင်းဆင်း သတင်းယူ

အေအက်ဖ်ပီ အပါအဝင် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောဒေသသို့ ကွင်းဆင်း သတင်းယူ
Published 18 March 2018

အေအက်ဖ်ပီ အပါအဝင် ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောဒေသသို့ မတ် ၁၇ ရက်က ရောက်ရှိကာ ကွင်းဆင်း သတင်းယူနေကြောင်း သိရသည်။

သတင်းမီဒီယာအဖွဲ့သည် စစ်တွေမှ ရသေ့တောင်မြို့နယ် အငူမော်သို့ ရေကြောင်းဖြင့် ရောက်ရှိလာပြီး ယင်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မောင်တောမြို့သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

မီဒီယာအဖွဲ့အား ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက တွေ့ဆုံပြီး မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း ပြန်လည်ထူထောင်ရေး၊ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

မီဒီယာအဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဆက်လက် သွားရောက်ခဲ့ပြီး ခုံတိုင် တိုင်းရင်းသားကျေးရွာ၊ မြဝတီ တိုင်းရင်းသားကျေးရွာများ တည်ဆောက်နေမှုများကို သတင်းရယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေပိုင်းတွင် ကြိမ်ချောင်းတောင်ရွာနှင့် ငန်းချောင်းကျေးရွာသို့ သွားရောက်ကာ ငန်းချောင်းကျေးရွာရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများကို မီဒီယာများမှတစ်ဆင့် ပြည်တွင်း ပြည်ပမှ ကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးဆောင်သော သတင်းမီဒီယာအဖွဲ့ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သတင်းမီဒီယာအဖွဲ့သည် မောင်တောဒေသရှိ ပြန်လည်စိစစ် လက်ခံရေးစခန်းများနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ပေးနေမှုများကို မြေပြင်ကွင်းဆင်း သတင်းရယူကြမည် ဖြစ်ကြောင်း သိရသည်။

သတင်းမီဒီယာအဖွဲ့တွင် Nikkie ၊ Kyodo ၊ Asahi Shimbum ၊ NHK ၊ Nippon TV ၊ TV Asahi ၊ Zee TV ၊ AFP ၊ CNA ၊ DER SPIEGEL (Germany) ၊ Russian TV ၊ MRTV ၊ MITV နှင့် MNA တို့မှ သတင်းထောက် ၁၆ ဦး ပါရှိကြောင်း သိရသည်။

မတ် ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက “တစ်ချိန်တည်းမှာပဲ သတင်းမီဒီယာတွေအတွက် ရခိုင်မြောက်ပိုင်းသို့ ခရီးစဉ်တွေကို နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကျွန်တော်တို့မှာ ခရီးသွားလာရေး၊ တည်းခိုနေထိုင်ရေး အကန့်အသတ်တွေနဲ့ လုံခြုံရေးစိုးရိမ်ရမှု စသည်တို့ ရှိတဲ့အတွက် လူဦးရေနဲ့ သွားရောက်တဲ့ နေရာတွေကို ကန့်သတ်ထားရှိရပါတယ်။ လူတော်တော်များများကို ARSA က လက်လုပ်မိုင်းတွေ လုပ်တတ်အောင် လေ့ကျင့်ထားခဲ့ပြီးဖြစ်လို့ လုံခြုံရေးကို အလေးအနက်ထား စဉ်းစားဖို့ လို အပ်ပါတယ်။ ကျွန်တော်တို့ရဲ့အနေအထားနဲ့ အခက်အခဲကို အားလုံးနားလည်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်လာမယ့် ခရီးစဉ်ကတော့ နိုင်ငံတကာ မီဒီယာသမားတွေအတွက်ဖြစ်ပြီး မတ် ၁၆ ရက်ကနေ ၁၈ ရက်အထိ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

သားရွှေဦး (ကစ္ဆပ)

 

Most Read

Most Recent