စီမံကိန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့်မဟုတ်ဘဲ PPP ဖြင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ပြောကြား

စီမံကိန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့်မဟုတ်ဘဲ PPP ဖြင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 18 March 2018

မတ် ၁၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

စီမံကိန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မဟုတ်ဘဲ PPP (Public Private Partnership) ဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မတ် ၁၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၄ ရက်မြောက်နေ့) တွင် လွှတ်တော်သို့ တင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆လအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒေသန္တရ စီမံကိန်းဥပဒေကြမ်းနှင့် နောက်ဆက်တွဲများကို လွှတ်တော်၌ ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် ဝန်ကြီးက ရှင်းလင်းတင်ပြခဲ့သည်။

“လုပ်ငန်းစီမံကိန်းများကို ဖြစ်နိုင်ခြေလေ့လာမှုများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ မဟုတ်ဘဲနဲ့ PPP စနစ်နဲ့ ဆောင်ရွက်နိုင်ရေးအတွက်ကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ PPP စနစ်နဲ့  ဆောင်ရွက်ပေမယ့်လည်း နိုင်ငံတော်စီမံကိန်းများနဲ့ ချိတ်ဆက်အကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း ရာထားဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ နှင့် SME ခေါ် အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်စီမံခန့်ခွဲမှုကို ပွင့်လင်းမြင်သာမှုရှိစေရေး ဦးတည်၍၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းများ ရည်မှန်းချက်၊ အဆိုပြုချက်များကိုရေးခဲ့ကြောင်း၊ အဆိုပါအဆိုပြုချက်များကို နိုင်ငံတော်မှ ခွင့်ပြုပေးနိုင်မည့် ဘဏ္ဍာရေးနှစ်များနှင့်ချိန်ထိုး၍ နိုင်ငံပိုင်ရင်းနှီးမြုပ်နံှမှု လျာထားချက်များကို ရေးဆွဲပြီး ပြုစုပြီးတိုင်းဒေသကြီး ဘတ်ဂျက်နှင့်လိုက်လျော ညီထွေမှုရှိစေရန်ပြုစုခဲ့ကြောင်း သိရသည်။

ထို့ပြင်နိုင်ငံတော်ဘတ်ဂျက်နှင့် အပ်နှင်းမည့် လုပ်ငန်းစီမံကိန်းများ၏ တန်ဖိုးငွေကျပ် ၁၃၃ ဒသမ ၅၉၉ဘီလျံဖြစ်ပြီး ရသုံးမှန်းခြေငွေစာရင်း၏ ငွေလုံးငွေရင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဒေသန္တရ စီမံကိန်းများဥပဒေကြမ်း၏ နောက်ဆက်တွဲ စာမျက်နှာ(၂) တွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များကို ပူးတွဲဖော်ပြထားပါကြောင်း ဝန်ကြီးက ရှင်းလင်းတင်ပြခဲ့သည်။

၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဒေသန္တရဥပဒေကြမ်းတွင် ရန်ကုန်တိုင်းဒေသကြီး၏ GDP နှစ်အလိုက်တန်ဖိုးများအရ ၈၅၂၉ ဒသမ ၈၃၂ ဘီလျံနှင့် ပုံမှန်ဈေးနှုန်းများအရ ငွေကျပ် ၆၂၃၀ ဒသမ ၄၁၂ ဘီလျံရရှိရန်နှင့်၂၀၁၇ ခုနှစ်ဧပြီလမှ စက်တင်ဘာလ အထိ GDP တိုးတက်မှုနှုန်းထား ၇ ဒသမ ၄ ရာခိုင်နှုန်းထက် ၂၀၁၈ ခုနှစ် ဧပြီလမှစက်တင် ဘာလအထိ ခြောက်လအတွက် GDP တိုးတက်မှုနှုန်းကို ပုံမှန်ဈေးများအရ ၈ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်စေရန် ရည်မှန်းထားကြောင်းဝန်ကြီးက ရှင်းလင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရန် တိုင်းဒေသကြီး ဥပဒေချုပ်၏သဘောထားမှတ်ချက်ကို ရယူထားပြီး ဥပဒေချုပ်၏ သဘောထားမှတ်ချက်အရ ပြင်ဆင်ဖြည့်စွက်ထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent