တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လမ်းတံတားများနှင့်ပတ်သက်၍ လမ်းတံတားဦးစီးဌာနအနေဖြင့် ပြည်သူများအား ပွင့်လင်းစွာချပြရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လမ်းတံတားများနှင့်ပတ်သက်၍ လမ်းတံတားဦးစီးဌာနအနေဖြင့် ပြည်သူများအား ပွင့်လင်းစွာချပြရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား
Published 18 March 2018

တနင်္သာရီတံတားအသစ် တည်ဆောက်နေမှုလုပ်ငန်းခွင်ကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် လမ်းတံတားများနှင့် ပတ်သက်ပြီး ပြည်သူများအား ပွင့်လင်းစွာ ချပြရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် မြိတ်မြို့သို့ မတ် ၁၆ ရက်က ရောက်ရှိလာစဉ် ပုလဲရတနာခန်းမ၌ ပြည်သူများအား တွေ့ဆုံခဲ့ပြီး လမ်းတံတားဦးစီးဌာနအနေဖြင့် အများပြည်သူများကို စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာပြောကြားထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လမ်းတွေတံတားတွေ အရေးကြီးပါတယ်။ လမ်းတံတားဦးစီးတွေကလည်း ပြည်သူတွေကို ချပြရှင်းလင်းစေချင်ပါတယ်။ သမုတ်-လော့လော့ တံတားက နှစ်ပေါင်းများစွာ မျှော်လင့်ထားခဲ့တဲ့အရာပါ။ အခု ကျွန်မတို့ အကောင်အထည်ဖော်နိုင်ပါပြီ။ တနင်္သာရီတံတားက ကြံ့ခိုင်မှု လုံးဝမရှိတော့ဘူး။ ကုန်ကားကြီးတွေ ဖြတ်ရင်လည်း ဝိုင်းဝန်းထိန်းသိမ်းပေးကြပါ။ တံတားတွေ ဆောက်  နေတာကလည်း နိုင်ငံတော်က ငွေကြေးအ များကြီး ကုန်ကျခံပြီး ကုန်စည်တွေ အချိန်မီရောက်ဖို့ လုပ်နေတာပါ။ ပြည်သူတွေ သွားလာဖို့ အဆင်ပြေစေရန် လုပ်နေကြတာပါ။ ဒါကြောင့် ပြည်သူတွေကို ချပြပါရှင်းလင်းပါလို့ ပြောချင်ပါတယ်။ လမ်းတံတားကြေး ကောက်တာတွေလည်း ပြည်သူတွေကို ရှင်းပြရမယ်။ ပြည်သူတွေက ကောက်ချက်ချဝေဖန်ခွင့်ရှိတယ်။ ကျွန်မတို့က ပြည်သူနဲ့အတူ သွားနေတာပါ။ အရင်က ဖွင့်ပြဖို့ အခွင့်မသာခဲ့ဘူး။ အခုဖွင့်ပြဖို့ အခွင့်ရေးရှိနေတယ်။ ဒါကြောင့် ပြည်သူတွေက သူတို့သိချင်တာ လိုချင်တာကို ဖွင့်ချခွင့်ရှိပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် တနင်္သာရီ မြစ်ကူးတံတားကြီးနှင့် သမုတ်မြစ်ကူးတံတားကြီးနှစ်စင်း တည်ဆောက်နေပြီး ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အလွန်အရေးပါသည့် တံတားကြီးနှစ်စင်းဖြစ်နေကြောင်း သိရသည်။ ကားလမ်းတစ်လျှောက်တွင်လည်း တိုးဂိတ်များ တည်ဆောက်ရန်ရှိသလို တည်ဆောက်နေသည့် တိုးဂိတ်များလည်းရှိပြီး မည်သည့်ငွေပမာဏဖြင့် လေလံအောင်ထားသည်၊ ဖြတ်သန်းခများ ဘယ်လောက်ယူမည်၊ လုပ်ပိုင်ခွင့်ဘယ်လောက်ရရှိမည်ကို ပြည်သူများအား ကြိုတင်ပြောကြားထားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှ တိုက်တွန်းပြောကြားသည်။

Most Read

Most Recent