ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့၏ ကိုယ်တိုင်ထွက်ဆိုချက်များကို လာမည့်ရုံးချိန်းများတွင် စစ်ဆေးဖွယ်ရှိ

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့၏ ကိုယ်တိုင်ထွက်ဆိုချက်များကို လာမည့်ရုံးချိန်းများတွင် စစ်ဆေးဖွယ်ရှိ
Published 18 March 2018

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့၏ ကိုယ်တိုင်ထွက်ဆိုချက်များကို လာမည့်ရုံးချိန်းများတွင် စစ်ဆေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

“တရားခံတွေစစ်ဖို့တော့ နောက်တစ်ချိန်းကျော်လောက် ဖြစ်မယ်လေ။ အခုလာမယ့် ၂၂ ရက်နေ့ ချိန်းလိုက်တာကိုး။ ၂၂ ရက်နေ့ကျတော့ ကျွန်တော်တို့က တရားခံတွေက ခံပြသက်သေစာရင်းတွေ တင်သွင်းရမယ်။ တရားခံတွေက စွဲချက်နဲ့ပတ်သက်ပြီး ဖြေရှင်းရမယ်။ ဘာကြောင့် အပြစ်မရှိဘူးဆိုတာမျိုးကို ကျွန်တော်တို့ ပြောရတော့မယ်။ ၂၂ ရက် ကျော်ရင်တော့ တရားခံတွေ စစ်ရမယ်။ တိုင်းလွှတ်တော်တက်ထားတဲ့အမှုက လက်ခံလိုက်ရင်တော့ အတိအကျပြောရတာခက်ပါတယ်” ဟု အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၏ ရှေ့နေ ဦးအောင်ခိုင်က ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုတွင် ကနဦး၌ တရားလိုအပါအဝင် တရားလိုပြသက်သေစုစုပေါင်း သက်သေ ၈၈ ဦးအနက် လူသတ်မှုအမှုတွဲ၌ ၇၂ ဦး၊ လက်နက်မှုအမှုတွဲ၌ ခုနစ်ဦး စုစုပေါင်း ၇၉ ဦးတို့အား စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ပြီးနောက်  ကြည်လင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ခ)/ ၃၄၊ ၃၀၂ (၂)ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/ ၃၄ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ပြီး ရာဇသတ်ကြီးအမှုအမှတ် ၄၆/ ၂၀၁၇ (လက်နက်မှုအမှုတွဲ) မှ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို လက်နက် ဥပဒေပုဒ်မ ၁၉ (ဃ) (စ)တို့ဖြင့် စွဲချက်တင်ခဲ့သည်။

ထို့နောက် စွပ်စွဲခံရသူများက တရားလိုဘက်မှ တင်ပြထားသည့် သက်သေ ၈၈ ဦး အနက် သက်သေ ၄၀ ကို ပြန်ခေါ်စစ်ဆေးပေးရန် တင်ပြခဲ့သဖြင့် ၎င်းတို့ကို ထပ်မံစစ်ဆေးခဲ့သည်။ အဆိုပါ ပြန်ခေါ်သက်သေ ၄၀ ကို မတ် ၁၆ ရက်ရုံးချိန်းတွင် စစ်ဆေးပြီးစီးခဲ့သည်။

ထို့ကြောင့် လာမည့်ရုံးချိန်း အနည်းငယ်အတွင်း၌ စွဲချက်တင်ခံထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့က ၎င်းတို့တွင် အပြစ် ရှိ /မရှိ တရားခွင်တွင် ကိုယ်တိုင်ထွက်ဆိုချက်များ ပေးရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဦးကိုနီလုပ်ကြံခံရမှုကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေပြီး ရုံးချိန်းပေါင်း ၅၀ ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent