လက်ရှိဘဏ္ဍာနှစ် မတ်လဆန်းအထိ ပြည်ပသို့ CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၃၃၂ ဘီလျံရရှိထားပြီး ပို့ကုန်တင်ပို့မှု၏ ဒုတိယအများဆုံးနေရာတွင် ရပ်တည်

လက်ရှိဘဏ္ဍာနှစ် မတ်လဆန်းအထိ ပြည်ပသို့ CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၃၃၂ ဘီလျံရရှိထားပြီး ပို့ကုန်တင်ပို့မှု၏ ဒုတိယအများဆုံးနေရာတွင် ရပ်တည်
Published 18 March 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

လက်ရှိဘဏ္ဍာနှစ် မတ်လဆန်းအထိ ပြည်ပသို့ CMP စနစ်ဖြင့် ချုပ်ပြီးအထည် တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၃၃၂ ဘီလျံ ရရှိထားပြီး ပြည်ပပို့ကုန်တင်ပို့မှု၏ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးလုပ်ငန်များကို ဆောင်ရွက်ရာတွင် အထည်လိပ်လုပ်ငန်း (အထည်ချုပ်) ကဏ္ဍကို အဓိကဦးစားပေးအနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သော မြန်မာနိုင်ငံ၌မူ အဆိုပါ CMP စနစ်ကို ၁၉၉၃ ခုနှစ်ကတည်းက အထည်ချုပ်လုပ်ငန်းများဖြင့်စတင်ကာ လက်ရှိအထိ ဆောင်ရွက်ခဲ့ရာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း FOB စနစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ကုန်ကြမ်းပိတ် စတင်သွင်းကာ CMP စနစ်ဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) မှာယူတင်သွင်းနေသည့် နိုင်ငံများတွင် ဂျပန်၊ ကိုရီးယားနှင့် အီးယူနိုင်ငံများမှဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့အထည်အလိပ်ကဏ္ဍမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေကြောင်းနှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အဝတ်အထည်များကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများမှ သုံးစွဲမှုမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၃၇ သန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏  စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုးတိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်ဈေးကွက်တွင်လည်း အီးယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ် တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်ခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း ကဏ္ဍအနေနဲ့ ဝင်ငွေအများဆုံးကဏ္ဍတစ်ရပ်အဖြစ် ကမ္ဘာ့ဈေးကွက်ကို ကောင်းမွန်တဲ့အ ရည်အသွေး တန်ဖိုးမြင့်ထုတ်ကုန်များအနေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ၁၀ နှစ်နည်းဗျူဟာကို မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းချမှတ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

Most Read

Most Recent