မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန တည်ထောင်နိုင်ရန် အမေရိကန် COD ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေ

မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန တည်ထောင်နိုင်ရန် အမေရိကန် COD ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေ
Published 17 March 2018

ပြည်သူ့ဆေးရုံကြီးတစ်ခုတွင် ဆေးကုသရန် စာရင်းပေးသွင်းနေသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (Myanmar COD) တည်ထောင်နိုင်ရန် ငါးနှစ်စာ စီမံချက်ရေးဆွဲလုပ်ဆောင်လျက်ရှိပြီး အမေရိကန် COD ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Myanmar COD တည်ထောင်နိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် Health Staff Training School တည်ထောင်နိုင်ရေးနှင့် သင်ကြားရေး၊ သုတေသန၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ လုပ်ငန်းလမ်းညွှန်များ ထုတ်ဝေ၍ Resource Responsible  and Reference Centre ပေါ်ပေါက်လာရေးအတွက် အမေရိကန်နိုင်ငံ USCOD ၏ နည်းပညာပံ့ပိုးကူညီမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများ၏ ပူးပေါင်း ကူညီမှု၊ နေပြည်တော်ရှိ သတ်မှတ်မြေနေရာတွင် တရုတ်နိုင်ငံ၏လှူဒါန်းမှုဖြင့် အဆောက်အအုံ တည်ဆောက်နိုင်ရေးကို ၂၀၁၆ ခုနှစ် အောက်တိုဘာမှစ၍ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Myanmar COD တည်ထောင်နိုင်ရန် အမေရိကန်နိုင်ငံ၊ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (USCOD)၊ IANPHI(International Association of National Public Health Institutes)အဖွဲ့ကိုယ်စားလှယ်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှီး နွှယ် အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် မတ်က တစ်ကြိမ်၊ သြဂုတ် ၂၅ ရက်က တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ကူးစက်မြန်ရောဂါများ၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်ပြဿနာများနှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုအခြေအနေကို ဆန်းစစ်ခြင်း (Joint External Evaluation-JEE) လုပ်ငန်းစဉ်အား  ယခုနှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် Myanmar COD တည်ထောင်ရာတွင် အရှေ့တောင်အာရှနိုင်ငံများ၌ စံပြဖြစ်သည်အထိ ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ကူးစက်မြန်ရောဂါများကြောင့် လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာရေးတို့ကို ဆိုးရွားစွာ အကျိုးသက်ရောက်စေကြောင်း၊ လက်ရှိတွင် ကူးစက်ရောဂါအသစ်များ၊ ပြန်လည်ခေါင်းထောင်လာသော ကူးစက်မြန်ရောဂါဖြစ်ပွားမှုများ လျင်မြန်စွာဖြစ်ပွားလျက်ရှိပြီး ယခင်က မဖြစ်ပွားဖူးသည့် ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် အကြောင်းကြားမှု၊ သတင်းပေးပို့မှု၊ ကြန့်ကြာခြင်းတို့ကြောင့် မကုန်ကျသင့်သည့် ကုန်ကျမှုများရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ယခုကဲ့သို့  Joint External Evaluation - JEE လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းအတွက် ငွေကြေးအကုန်အကျရှိမည် ဖြစ်သော်လည်း ကူးစက်ရောဂါများဖြစ်ပွားလာပါက ယခုကုန်ကျငွေ၏ အဆရာနှင့်ချီ၍ ပိုမိုကုန်ကျမည်ဖြစ်ကာ ပြည်သူများ၏ အသက်ဆုံးရှုံးမှုများပါ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent