ပုဂ္ဂလိကသတင်းစာ လုပ်ငန်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း နှစ်ခုအနက် တစ်ခုကို ရာခိုင်နှုန်း ၅၀ ထက် ပိုမိုပိုင်ဆိုင်ပါက အခြားတစ်ခုတွင် ရာခိုင်နှုန်း ၃၀ ထက်မပိုသော ပိုင်ဆိုင်မှုကိုသာ ရရှိမည့် ပြင်ဆင်ချက်ပါဝင်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်သို့တင်သွင်း

ပုဂ္ဂလိကသတင်းစာ လုပ်ငန်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း နှစ်ခုအနက် တစ်ခုကို ရာခိုင်နှုန်း ၅၀ ထက် ပိုမိုပိုင်ဆိုင်ပါက အခြားတစ်ခုတွင် ရာခိုင်နှုန်း ၃၀ ထက်မပိုသော ပိုင်ဆိုင်မှုကိုသာ ရရှိမည့် ပြင်ဆင်ချက်ပါဝင်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်သို့တင်သွင်း
Published 17 March 2018

မတ် ၁၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

ပုဂ္ဂလိက သတင်းစာလုပ်ငန်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းနှစ်ခုအနက် တစ်ခုကို ရာခိုင်နှုန်း ၅၀ ထက် ပိုမိုပိုင်ဆိုင်ပါက အခြားတစ်ခုတွင် ရာ ခိုင်နှုန်း ၃၀ ထက်မပိုသော ပိုင်ဆိုင်မှုကိုသာ ရရှိမည့် ပြင်ဆင်ချက် ပါဝင်သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

နေပြည်တော်၌ မတ် ၁၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် အဆိုပါ ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းအား ပြင်ဆင်ရေးဆွဲရခြင်းသည် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက သတ်မှတ်သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လှိုင်းနှုန်းစဉ်ကို ဖွံ့ဖြိုးမှုဆိုင်ရာ အရင်းအမြစ် တစ်ခုအဖြစ် အသုံးချနိုင်ရေးအတွက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများကို ခွဲဝေပေးရန်၊ ရုပ်မြင် သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများနှင့် အစီအစဉ် အကြောင်းအရာများကို အများပြည်သူ ပိုမိုအသုံးပြုနိုင်စေရန်၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန် ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေး ပြည့် မီစေရန်နှင့် ပြည်သူများအတွက် သတင်းအချက် ပြန်ကြားရေး၊ ပညာရေးနှင့် ဖျော်ဖြေရေးဆိုင်ရာ လိုအပ်ချက်များကို အရည်အသွေးကောင်းသည့် စံချိန်မီ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဖြင့် ဖြည့်ဆည်းပေးရာတွင် အများပါဝင်ဆောင်ရွက်နိုင်သည့် စနစ်တစ်ခုကို ပံ့ပိုးပေးရန် အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဦးအောင်လှထွန်းက ပြောကြားသည်။

ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီက အခြားအဖွဲ့အစည်း ဆိုသည်မှာ ပုဂ္ဂလိကသတင်းစာ လုပ်ငန်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်း လုပ်ငန်းနှစ်ခုအနက် တစ်ခုခုကို ပိုင်ဆိုင်ထားရှိပြီး ကျန်လုပ်ငန်းတစ်ခုကို လုပ်ကိုင် ဆောင်ရွက်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည့်အချက်ကို ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဓ) အဖြစ် ဖြည့်စွက်ရမည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက သဘောထားမှတ်ချက် ပြုထားပါသည်။

ထို့ပြင် ပြင်ဆင်သည့် ဥပဒေကြမ်းပုဒ်မ ၅၁ နှင့် ပုဒ်မ ၂ ပုဒ်မခွဲ (ည-၁) ပါ အဆိုပြု ပြဋ္ဌာန်းချက်များအရ သတင်းစာလုပ်ငန်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန် ဆောင်မှုလုပ်ငန်းနှစ်ခုအနက် တစ်ခုတွင် ရာခိုင်နှုန်း ၅၀ ထက် ပိုမိုပိုင်ဆိုင်ပါက အခြား တစ်ခုတွင် ရာခိုင်နှုန်း ၃၀ ထက် ပိုမိုပိုင်ဆိုင်ခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဥပဒေကြမ်းတွင် မူလ ဥပဒေပုဒ်မ ၂ ၏ ပုဒ်မခွဲ (ည) နောက်တွင် (ည-၁) အဖြစ် အသစ်ဖြည့်စွက်ထားပြီး (ည-၁) တွင် လွှမ်းမိုးပိုင်ခွင့်ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားအဖွဲ့အစည်း တစ်ခုတွင် မဲ ပေးခွင့်၊ အဖွဲ့ဝင် ပိုင်ဆိုင်ခွင့် သို့မဟုတ် အစုစပ်ပိုင်ဆိုင်ခွင့်၏ ရာခိုင်နှုန်း ၅၀ ထက် ပိုမိုသော ပမာဏကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှု အခြေ အနေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးသည်  (၁) အခြားအဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာအဖွဲ့ သို့မဟုတ် စီမံခန့်ခွဲမှုကော်မတီ၏ ရာခိုင်နှုန်း ၅၀ အထက်ကို ခန့်ထားနိုင်ခြင်း၊ (၂) အခြား အဖွဲ့အစည်းတစ်ခု၏ နေ့စဉ်လုပ်ငန်းများကို ကွပ်ကဲသော အဆင့်မြင့် အမှုဆောင်အရာရှိများအား ခန့်ထားခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ အဆင့်ချထားခြင်းနှင့် ထုတ်ပယ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း၊ (၃) အခြား အဖွဲ့အစည်း တစ်ခု၏ အရေးကြီးသော ရင်းနှီးမြှုပ်နံှမှု၊ အုပ်ချုပ်မှု သို့မဟုတ် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခြင်း၊ (၄) အခြားအဖွဲ့အစည်း တစ်ခု၏ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အဓိကကျသော နေရာမှ ပါဝင်ခြင်း၊ (၅) အခြားအဖွဲ့အစည်း တစ်ခု၏ နေ့ စဉ်လုပ်ငန်းဆောင် ရွက်မှုများကို စီမံခန့်ခွဲနိုင်ခြင်း (၆) အခြားအဖွဲ့အစည်း တစ်ခုက ဖြည့်ဆည်းပေးသော ဝန်ဆောင်မှု၏ သဘောသဘာ၀ သို့မဟုတ် ဝန်ဆောင်မှုပုံစံ၊  စည်းကမ်းသတ်မှတ်ချက်များ၊ နှုန်းထားများ ကို ဆုံးဖြတ်ရာတွင် သိသိသာသာ လွှမ်းမိုးမှု ပြုနိုင်ခြင်း စသည့် အခြေအနေ တစ်ရပ်ရပ်ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဆောင်ရွက်နိုင်ခွင့်ရစေသည့် ပိုင်ဆိုင်မှု အခြေအနေကို ဆိုလိုကြောင်း အဆိုပြုပြဋ္ဌာန်းထားသည်။

ဥပဒေကြမ်း ပုဒ်မ ၅၁ တွင် မူလ ဥပဒေ ပုဒ်မ ၅၁ ပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိက သတင်းစာလုပ်ငန်းကို ဖြစ်စေ၊ ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းကိုဖြစ်စေ ပူးတွဲပိုင်ဆိုင်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းတစ်ခုတွင် ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်ထားပါက အခြားလုပ်ငန်း တစ်ခုကို ရာခိုင်နှုန်း ၃၀ ထက်ပို၍ ပိုင်ဆိုင်ခွင့် မပြုရဟူသည့် ပြဋ္ဌာန်းချက်အစား ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန် တစ်ခုတွင် ပုဂ္ဂလိကသတင်းစာ လုပ်ငန်းကိုဖြစ်စေ၊ ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းကိုဖြစ်စေ ပူးတွဲပိုင်ဆိုင်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းတစ်ခုတွင် လွှမ်းမိုးပိုင်ခွင့်ကို ရရှိထားပါ က အခြားလုပ်ငန်း တစ်ခုကို ရာခိုင်နှုန်း ၃၀ ထက်ပို၍ ပိုင်ဆိုင်ခွင့် မပြုရဟူ၍ အစားထိုးရမည်ဟု အဆိုပြုပြဋ္ဌာန်းထားကြောင်း သိရသည်။

ထိုသို့ မူလဥပဒေပုဒ်မ ၅၁ ပါ သတင်းစာလုပ်ငန်း သို့မဟုတ် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းနှစ်ခု အနက်တစ်ခုတွင် ရာခိုင်နှုန်း ၁၀၀ ပိုင်ဆိုင်ပါက အခြားတစ်ခုတွင် ရာခိုင်နှုန်း ၃၀ ထက်ပို၍ ပိုင်ဆိုင်ခွင့်မပြုဆိုသည့် ပြဋ္ဌာန်းချက်အစား အဆိုပါ လုပ်ငန်းနှစ်ခုအနက် တစ်ခုတွင် ရာ ခိုင်နှုန်း ၅၀ ထက် ပိုမိုပိုင်ဆိုင်မှု အခြေအနေ (လွှမ်းမိုးပိုင်ခွင့်) ရှိပါက အခြားတစ်ခုတွင် ရာခိုင်နှုန်း ၃၀ ထက်ပို၍ ပိုင်ဆိုင်ခွင့် မပြုရဟူ၍ အဆိုပြု ပြဋ္ဌာန်းချက်သည် Cross Ownership များကို အနည်းငယ် ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

မူလ ဥပဒေပုဒ်မ ၄၇ ပါ စီးပွားရေးအရ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာနှင့် ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သော ရာထူးများအတွက် နိုင်ငံခြားသား ပညာရှင်များကို ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ငှားရမ်းအသုံးပြုနိုင်သည် ဆိုသည့် ပြဋ္ဌာန်းချက်ကို ဥပဒေပုဒ်မ ၄၇ တွင် ပါရှိသော စီးပွားရေးအရ ထုတ်လွှင့်သည်ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်ဟု လည်းကောင်း၊ မူလဥပဒေ ပုဒ်မ ၅၀ ပါ စီးပွားရေးအရ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းတွင် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အနေဖြင့်ဖြစ်စေ၊ စီးပွားရေး အဖွဲ့အ စည်း တစ်ခုအနေဖြင့်ဖြစ်စေ   ဆောင်ရွက်မည် ဆိုပါက သတ်မှတ်ထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန် တစ်ခုအတွင်း ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းနှင့် ရေဒီယို အသံထုတ်လွှင့်ခြင်းလုပ်ငန်း တစ်ခုစီထက်ပို၍ ပိုင်ဆိုင်ခွင့်မပြု။ သို့ရာတွင် အဆိုပါပြဋ္ဌာန်းချက်သည် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း အစီအစဉ်များ၊ ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများကို ပူးတွဲလုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်စေရဆိုသည့် ပြဋ္ဌာန်းချက်ကို လုပ်ငန်းတစ်ခုစီထက်ပို၍ ဆိုသည့် စကားရပ်၏နောက်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်ဟု အဆိုပြု ပြဋ္ဌာန်းထားကြောင်း သိရသည်။

 

Most Read

Most Recent