အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဝန်ကြီးဌာနများတွင် ပညာပေးဟောပြော ဆွေးနွေးခြင်းများ စီမံချက်ဖြင့် ဆောင်ရွက်မည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဝန်ကြီးဌာနများတွင် ပညာပေးဟောပြော ဆွေးနွေးခြင်းများ စီမံချက်ဖြင့် ဆောင်ရွက်မည်
Published 17 March 2018

မတ် ၁၂ ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ အဂတိလိုက်စားမှု ကင်းရှင်းစေရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဝန်ကြီးဌာနများတွင် စည်းရုံး၊ ပညာပေး ဟောပြော ဆွေးနွေးခြင်းများကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ စည်းရုံး၊ ပညာပေးဟောပြော ဆွေးနွေးခြင်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ သွားရောက် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။

“နည်းဥပဒေ ၅၉ အပိုဒ်(ခ)မှာ အစိုးရဌာနရှိ ဝန်ထမ်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စည်းရုံး၊ ပညာပေး၊ ဟောပြော၊ ဆွေးနွေးခြင်း၊ သင်တန်းများပို့ချခြင်း အဲဒီလိုပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဥပဒေကြောင်းအရကိုပဲ နိုင်ငံတော်က တာဝန်ပေးထားတယ်။ ဝန်ကြီးဌာနတွေကို သွားပြီးတော့ သင်တန်းတွေပေးပါ။ အဂတိတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ စည်းရုံးပါ။ ပညာပေးပါ။ ဟောပြောပါ။ ဆွေးနွေးပါ။ သင်တန်းတွေ ပို့ချပါဆိုပြီးတော့ နိုင်ငံတော်က ထုတ်ပြန်တဲ့ဥပဒေ၊ နည်းဥပဒေ ၅၉ အပိုဒ်ခွဲ (ခ) အရကို သတ်မှတ်ထားတယ်” ဟု မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွန့်က The Daily Eleven သတင်းစာကို ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေ ၅၉ တွင် ကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင် လာစေရေးအတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်သည် (က) စာသင်ကျောင်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဟောပြောပို့ချခြင်း၊ (ခ) အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စည်းရုံးပညာပေး ဟောပြောဆွေးနွေးခြင်း၊ သင်တန်းများ ပို့ချခြင်းတို့ ပါရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က “နံပါတ် - ၁ အခုဆောက်လုပ်ရေးကို သွားပြီးပြီ။ နံပါတ် -၂ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကိုလည်းပဲ ၎င်းတို့က ဖိတ်ကြားရင်လည်းသွားမယ်။ ၎င်းတို့က မဖိတ်ကြားရင်လည်း ကျွန်တော်တို့ အနေနဲ့ သွားမယ်။ သွားမယ့်အစီအစဉ်ကတော့ Draft ကတော့ ကျန်တုန်းပေါ့” ဟု ဆက်လက်ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စည်းရုံး၊ ပညာပေး ဟောပြောဆွေးနွေးခြင်းများကို  သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်  စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဟန်ညွန့်က ဆိုသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း၊ စီမံချက်တွင် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းတို့သာမက ပညာပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ အပါအဝင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အတွက်ပါ  ထည့်သွင်းရေးဆွဲထားကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားထားသည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ထုတ်ပြန်သည့် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် အဂတိလိုက်စားမှု အညွှန်းကိန်း၌ နိုင်ငံပေါင်း ၁၇၈ နိုင်ငံတွင် အဆင့် ၁၇၆၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၃ နိုင်ငံ၌ အဆင့် ၁၈၀၊ ၂၀၁၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၌ အဆင့် ၁၇၂၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၇ နိုင် ငံ၌ အဆင့် ၁၅၇၊ ၂၀၁၄ ခုနှစ်တွင် နိုင်ငံ ပေါင်း ၁၇၅ နိုင်ငံ၌ အဆင့် ၁၅၆၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ၌ အဆင့် ၁၄၇၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင် ငံ၌ အဆင့် ၁၃၆ နှင့် ၂၀၁၇ ခုနှစ် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၃၀ ရှိကြောင်း သိရသည်။

 

Most Read

Most Recent