ရခိုင်ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာအချို့၏ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုများအပေါ် ထိန်းကျောင်းရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ သုံးသပ်

ရခိုင်ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာအချို့၏ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုများအပေါ် ထိန်းကျောင်းရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ သုံးသပ်
Published 17 March 2018

အပေါက်ဝကျေးရွာ ကမ်းပါးပြိုကျမှု မြင်ကွင်းကို တွေ့ရစဉ်

ရခိုင်ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာ အချို့၏ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများအပေါ် ထိန်းကျောင်းရန် လိုအပ်နေသေးကြောင်းနှင့် ဘဏ္ဍာငွေများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုသည်။

ဌာနဆိုင်ရာများမှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေကြသည့် ဆောက်လုပ်ရေး လုပ်ငန်းများအနက် အချို့ဌာနများတွင် အင်ဂျင်နီယာနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့များ ရှိသော်လည်း အများစုတွင် အင်ဂျင်နီယာများ မပါဘဲ လုပ်ငန်းလုပ်ကိုင်ခြင်း၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များ မပါဝင်ခြင်းကြောင့် လုပ်ငန်းတစ်ခုအား နှစ်စဉ်လုပ်ဆောင်ရသည်များ ရှိနေပြီး ကာလတိုအတွင်း ပြန်လည်ပျက်စီးမှုများသည် နိုင်ငံတော်ဘဏ္ဍာအား ဖြုန်းတီးရာရောက်ကြောင်း ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “ဥပမာပြောရရင် အပေါက်ဝကျေးရွာ ကမ်းပါးကိုကြည့်ရင် သိနိုင်တယ်။ ဟိုနှစ်က ဆယ်ဖို့တယ်။ ဒီနှစ်ပျက်သွားတယ်။ ဆိုတော့ ဘယ်လိုပုံစံလုပ်တာလဲပေါ့။ နှစ်တိုင်းလုပ်နေ ရမယ်ဆိုရင် မလုပ်တာကကောင်းတာပေါ့။ လမ်းတွေ၊ တံတားတွေ မကြာခဏပြန်ပြင်လုပ် နေရတာဟာ ဘဏ္ဍာငွေဖြုန်းတီးရာရောက် တယ်လို့မြင်တယ်။ ဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတယ်။ တချို့ဌာနတွေဆိုရင် လုပ်ငန်းတွေကိုတင်ဒါလည်းမခေါ်ဘူး။ အင် ဂျင်နီယာလည်းမသုံးဘူး။ လုပ်ချင်သလိုလုပ် သွားတယ်။ မကြာခင်ပြန်ပျက်သွားတော့ အကျိုးမရှိဘူးပေါ့။ လုပ်သမျှတွေကို တန်ဖိုးရှိ စေချင်တယ်။ ပြည်နယ်အတွက် ကုန်ကျသွားတဲ့ ဘဏ္ဍာငွေတွေကို မဖြုန်းစေချင်ဘူး။ အစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ လိုအပ်ပါတယ်။ ပွင့်လင်းမြင်သာစွာရှိအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး မကြာမီရက်ပိုင်းက ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား အရည်အသွေး မြင့်မားရေးအတွက် ပြည်နယ်အစိုးရမှ ထိန်းကျောင်းပေး ရေးအတွက် အမ်းမြို့နယ်မှ လွှတ်တော်ကိုယ် စားလှယ်က ပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်းအဆိုအား တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ခံဆွေးနွေးခဲ့သည့်အပြင် အစိုးရအဖွဲ့က ငြင်းပယ်ခြင်း မရှိသည့်အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်ကြောင်း သိရသည်။

“ပြောရရင်တော့ ကိုယ်ဆင်တဲ့ဖဲ ကိုယ်ချိုးဆိုသလိုမျိုး ဖြစ်နေတဲ့အတွက် ဒီအဆိုကို တင်ရခြင်းဖြစ်ပါတယ်။ ပြောချင်တာကတော့ ပွင့်လင်းမြင်သာမှု မရှိတာကိုပဲ ပိုပြောချင်တယ်။ ကုမ္ပဏီတွေကျတော့ အချက်အလက်ကိုပြတဲ့ ဗွီနိုင်းတွေကို လုပ်ငန်းနေရာမှာ ကပ်ထားရတယ်ပေါ့။ MD ကဘယ်သူ၊ ခွင့်ပြုငွေက ဘယ်လောက်၊ စတင်ချိန်၊ ပြီးဆုံးမယ့်နေ့ ရက်တွေကို ကပ်ခိုင်းတာရှိတယ်။ ဒါပေမဲ့ ဌာနလုပ်ငန်းတွေကိုကျတော့ အဲဒီလိုမျိုး မတွေ့ရဘူး။ ပြည်သူတွေကလည်း ဌာနဆိုင်ရာဖြစ်တဲ့တွက် သွားမမေးရဲဘူးပေါ့။ စိုးရိမ်တာပေါ့။ နိုင်ငံဘဏ္ဍာ ဖြစ်တဲ့အတွက် ပြန်ထိန်းဆိုတဲ့ဟာမျိုးမှာလည်း ဆေးလေးသုတ်လိုက်တာနဲ့ လုပ်ငန်းပြီးစီး သွားတာမျိုးတွေ လည်းတွေ့ရတယ်ဆိုတော့ ဒါကလည်း နိုင်ငံ့ဘဏ္ဍာအတွက် ကြောက်စရာကောင်းတဲ့ ယိုပေါက်ကြီးတစ်ခု ဖြစ်နေတယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် CSO တွေကရော မီဒီယာတွေကရော ဒါတွေကို အာရုံစိုက်စေချင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခြင်းအားဖြင့် ပြည်သူ့အတွက်လည်း အကျိုးရှိမည်ဖြစ်ကာ မလိုအပ်သောနေရာတွင် ငွေကြေးကုန်ကျမှုများ မဖြစ်အောင် ထိန်းနိုင်မည်ဖြစ်ပြီး ဆင်းရဲနေသော ပြည်နယ်တစ်ခု ဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် နှောင့်နှေးခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် ရည်ရွယ်ကာ လွှတ်တော်တွင် အဆိုတင်သွင်းခြင်းအား ထောက်ခံခဲ့ခြင်းများ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းကလည်း “အစိုးရမှာ လုပ်နေတာတွေတော့ အများကြီးပေါ့။ အရင်က လမ်းတစ်လမ်းလုပ်ရင် နှစ်သုံးဆယ်လောက်ခံတယ်။ အခုက သုံးနှစ်တောင် မခံတော့ဘူး။ ဒီနှစ်လာလည်း အဲဒီလမ်း၊ နောက်နှစ်မှာလည်း အဲဒီလမ်းကို ပြန်ပြင်ရဆိုတော့ ပြည်သူ့ဘဏ္ဍာငွေတွေ အများကြီးဆုံးရှုံးတယ်။ ရန်ကုန်-စစ်တွေ လမ်းလည်း ကတ္တရာလမ်းလုပ်တာ မဖြစ်ခဲ့ဘဲ နောက်ဆုံး ကွန်ကရစ်လမ်း လုပ်ရတယ်။ အစိုးရအဖွဲ့က QC အဖွဲ့ကို ဖွဲ့ထားပေမယ့် မင်းပြားမြို့မအားကစားကွင်းကို စံချိန်မမီဘဲ လုပ်ထားတဲ့အတွက် စစ်ဆေးချက်မိတ္တူ တောင်းပေမယ့် မပေးခဲ့ဘူး။ နောက်ပြီး ပေါက်တောမြို့နယ် မြေငူကျွန်းမှာ သဲခုံကနေ ဆံတော်ရှင်ဘုရားအထိ ကုမ္ပဏီနှစ်ခုက လုပ်ပေမယ့် တစ်ခုကပြီးတယ်။ နောက်တစ်ခုက မပြီးဘူး။ ရိုးမမြေကုမ္ပဏီက အခုထိမပြီးသေးဘူး ဖြစ်နေတယ်။ အဲဒါကို ပေါက်တောက လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းမေးပေမယ့် ဘာမှထူးမလာခဲ့ဘူး။ စစ်တွေမြို့ ဝါဘိုကျေးရွာ ကျွန်းပတ်လမ်းကလည်း ကျောက်တွေ ထောင်နေတဲ့အတွက် အခုထိ လူလည်းသွားလို့မရ နွားလည်းသွားလို့မရ ဖြစ်နေတယ်။ အဲဒီလိုမျိုးတွေပေါ့။ အများကြီးရှိတယ်။ နောက်ဆုံးတစ်ခုကတော့ ပြည်နယ်ပိုလျှံငွေထဲက လုပ်ဆောင်တဲ့ လမ်းတွေအတွက် ငွေထုတ်လို့ မရသေးတာကလည်း အများကြီး ဖြစ်နေတယ်။ ဒီနေ့အထိ ငွေထုတ်လို့ မရသေးဘူး။ ၂၅ ရာခိုင်နှုန်းတောင် တောင်းလို့မရသေးဘူး ဖြစ်နေကြတယ်” ဟု သုံးသပ်ပြောကြားသည်။

လွှတ်တော်အတွင်း အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း ယင်းလုပ်ငန်းများအား အလေးထား ဆောင်ရွက်မှုသည် အများပြည်သူအတွက် အကျိုးရှိနိုင်မည် ဖြစ်ကြောင်းနှင့် လျစ်လျူရှုထားလိုက်မည် ဆိုပါက တန်ဖိုးမရှိ ဖြစ်သွားနိုင်ကြောင်း၊ ယင်းအတွက် အစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူပေါင်းလုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းအောင်မြင် တိုးတက်လာမည် ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း “ပွင့်လင်းမြင်သာမှုမရှိ၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ ဖြစ်နေတာဟာ အစိုးရရဲ့ အားနည်းချက်ကို ဖော်ပြတာနဲ့တူပါတယ်။ တကယ်တော့ တာဝန်ရှိတဲ့သူတွေကို တာဝန်မကျေရင် အရေးယူမှုတွေ လုပ်ဖို့လိုတယ်။ ပြည်သူတွေကလည်း တိုင်တန်းမှုတွေ လုပ်ဖို့လိုတယ်။ ဘတ်ဂျက်ရေးဆွဲကတည်းက ပြည်သူတွေ ပါဝင်ရမှာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပေါင်းပြီး လေ့လာသုံးသပ်၊ စောင့်ကြည့်မှုတွေ တိုင်တန်းမှုတွေ လုပ်ဆောင်ဖို့လိုတယ်။ အဲဒီငွေတွေဟာ ပြည်သူ့ဘဏ္ဍာငွေတွေ ဖြစ်တဲ့အတွက် ပြောဆိုခွင့်ရှိပါတယ်။ အခုက လုပ်ငန်းတွေမပြီးဘဲ ရပ်သွားတာမျိုး၊ ဘယ်သူ့ကိုမှ ပြန်လည်ချပြတာမျိုး မရှိတာတွေကိုလည်း ကျွန်တော်တို့ အများကြီး တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အများအတွက် အကျိုးရှိအောင် လုပ်ဆောင်ကြပါလို့ အကြံပြုချင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

Most Read

Most Recent