ဒလမြို့နယ်တွင် လာမည့်ခြောက်လအတွင်း ရေချိုသုံးစွဲနိုင်ရန် စည်ပင်နှင့် ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ဒလမြို့နယ်တွင် လာမည့်ခြောက်လအတွင်း ရေချိုသုံးစွဲနိုင်ရန် စည်ပင်နှင့် ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 17 March 2018

ဒလမြို့နယ်တွင် နောက်ခြောက်လ အတွင်းရေချိုသုံးစွဲနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မတ် ၁၅ ရက်က ဒလမြို့နယ် ဆာပါချောင်ရပ်ကွက်တွင် ပြုလုပ်သည့် ဒလမြို့နယ်အတွင်း သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် AG Resources Myanmar Co.,Ltd တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် ရေသန့်စက်ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒီနေ့ တည်ဆောက်တဲ့ ရေသန့်ဖြန့်ဝေရေး လုပ်ငန်းမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီရယ်၊ ကုမ္ပဏီရယ်နဲ့ ကျွန်တော်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါအစိုးရကနေ စီမံဆောင်ရွက်နေတဲ့ပွဲ ဖြစ်ပါတယ်။ ကျွန်တော်ဘာကြောင့် ဒီကိုလာခဲ့သလဲဆိုရင် နွေရာသီ ရောက်တော့မှာ ဖြစ်တဲ့အတွက် ရေအခမဲ့ ဖြန့်ဝေရေးကိစ္စကို ကျွန်တော်တို့ဘက်က အချိန်မြန်မြန် ဆောင်ရွက်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီနေ့ဖွင့်ပွဲလုပ်ပြီးသွားရင် ဒီနေ့ညနေမှာပဲ ဘုန်းကြီးကျောင်းတွေမှာပဲ ရေပေးဝေမယ်တို့ ရပ်ရွာထဲမှာပဲ ရေဖြန့်ပေးမယ်ဆိုတဲ့ အခြေအနေတစ်ခုရမှာ ဖြစ်ပါတယ်။ ဒလအတွက် ရေချို နေ့စဉ် နေ့တိုင်း နှစ်သိန်း သုံးစွဲခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒီကနေမှတစ်ဆင့် နောင်ခြောက်လနေရင် သုံးသန်း အိမ်တိုင်ရာရောက် ရေဘုံဘိုင်တွေနဲ့ သုံးနိုင်တဲ့ အခြေအနေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို တဖြည်းဖြည်း တိုးတက်လာဖို့ ဒလမြို့သူ/မြို့သားတွေရော အစိုးရဌာန အသီးသီးမှ တာဝန်ရှိတဲ့ သူတွေရော၊ ပုဂ္ဂလိကကဏ္ဍနယ်ပယ်ကရော ဝိုင်းဝန်းပြီး ကူညီပူးပေါင်း ဆောင်ရွက်ကြပါ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် အစိုးရ၏ ရည်ရွယ်ချက်အားဖြင့် မြို့တိုင်း၊ ရွာတိုင်းကို လမ်းပေါက်ရန် မီးလင်းရန်နှင့် ရေသန့်သုံးစွဲနိုင်ရန် တို့ဖြစ်ပြီး ဒီကိစ္စရပ်မျိုးကို အစိုးရဘတ်ဂျက်နဲ့သာ ဆောင်ရွက်ပါက အလှမ်းဝေးနေဦးမည်သာ ဖြစ်သည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ ငွေကြေးရင်းနှီးမြှုပ်နှံမှု ထည့်သွင်းပြီး ရေဖြန့်ဖြူးမည် ဆိုပါက သုံးစွဲမည့်သူများလည်း မိမိတို့သုံးစွဲသည့်အပေါ် မူတည်ပြီး သုံးစွဲခပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒလမြို့အတွင်းသို့ အိမ်တိုင်ရာရောက် ရေပေးဝေရေးကို လာမည့်ခြောက်လတွင် ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြောင်း၊ ယခုနွေရာသီတွင် ရေလီတာ နှစ်သိန်းကို နေ့စဉ် ဒလမြို့နယ်သူ/မြို့နယ်သားတွေကို ရေအခမဲ့ပေးဝေရန် ဆောင်ရွက်မည်ဖြစ်ပြီး လာမည့်ခြောက်လတွင် ရေလီတာ သုံးသန်းကို ပိုက်လိုင်းနှင့် ရေပေးမည် ဖြစ်ကြောင်း၊ ထို့နောက် အဆင့်ဆင့်အားဖြင့် ရေလီတာ ၅၃ သန်းကို ကော့မှူး၊ တွံတေးမြို့နယ်များအထိ ရေပေးဝေနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

Most Read

Most Recent