ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံအများစု ပိတ်မိနေပြီး စားနပ်ရိက္ခာလိုအပ်မည့် အနေအထားကြုံတွေ့

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံအများစု ပိတ်မိနေပြီး စားနပ်ရိက္ခာလိုအပ်မည့် အနေအထားကြုံတွေ့
Published 17 March 2018

တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာများသို့ သွားရောက်ကာ ဒေသခံများအား ကယ်ထုတ်မည့် လူမှုကူညီရေး ယာဉ်များကို အောင်ချမ်းသာကျေးရွာတွင် တွေ့ရစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ကွန်ကော်၊ တော့ဖယ်ကျေးရွာများ တစ်ဝိုက်တွင် RCSS နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ၎င်းဒေသအနီးတစ်ဝိုက်ရှိ ဒေသခံအများစု တိုက်ပွဲများကြား ပိတ်မိနေပြီး စားဝတ်နေရေးနှင့် လုံခြုံရေး အခြေအနေများအတွက် စိုးရိမ်နေရကြောင်း သိရသည်။

တိုက်ပွဲများကြား ပိတ်မိနေသော ဒေသခံများအား ကယ်ထုတ်ရန်အတွက် မတ် ၁၅ ရက်တွင် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့နှင့် နောင်ပိန်ကျေးရွာတို့မှ လူမှုကူညီရေးအသင်းများမှ ကား ၁၁ စီးသည် ကျောက်မဲမြို့ နယ်၊ တော့ဖယ်ကျေးရွာနှင့် ကွန်ကော်ကျေးရွာသို့ သွားရောက်ခဲ့သော်လည်း လုံခြုံရေး အခြေအနေအရ ကယ်တင်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကွန်ကော်နဲ့တော့ဖယ်ရွာက ဒေသခံတွေကို ကယ်ထုတ်ဖို့အတွက် လူမှုကူညီရေးအသင်းကား ၁၁ စီးနဲ့ သွားခဲ့ပါတယ်။ ဒါပေမဲ့ အောင်ချမ်းသာရွာလောက် ထိပဲရောက်ခဲ့ပြီး မမြင်နိုင်တဲ့ မိုင်းအန္တရာယ်တွေ ရှိနေတဲ့အတွက် လက်လျှော့ပြီး နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ အခြေအနေကတော့ တော့ဖယ်နဲ့ကွန်ကော်ရွာက ဒေသခံအချို့ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးရတာတွေ ရှိတယ်လို့လည်း ကြားပါတယ်။ ကျွန်တော်တို့ ရောက်ခဲ့တဲ့ အောင်ချမ်းသာရွာကနေ လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရပါတယ်။ ကျွန်တော်တို့လည်း ဒုက္ခရောက်နေတဲ့ ဒေသခံတွေကို ကယ်ထုတ်ဖို့အတွက် ကြိုး စားကြည့်ပေမယ့် အခြေအနေ မပေးတဲ့အတွက် မကယ်ထုတ်နိုင်ခဲ့ပါဘူး” ဟု နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ကိုနေအောင်က ပြောကြားသည်။

တော့ဖယ်ကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်ပြီး နေအိမ် ၁၂ လုံး မီးလောင်ခံထားရကြောင်း ထိခိုက်ဒဏ်ရာရသည့် ဒေသခံများ ရှိနေကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတဲ့ရွာတွေက ဒေသခံ တွေက အားကိုးတကြီးနဲ့ လာကယ်ထုတ်ဖို့ ဆက်သွယ်လာပေမယ့် ကျွန်တော်တို့ သူတို့ ရွာအထိ မရောက်နိုင်ခဲ့ဘူး။ အောင်ချမ်းသာ ရွာကနေ ရှေ့ဆက်တိုးဖို့  အခက်အခဲရှိနေ တာနဲ့ ရွာသားတွေကို ထွက်လာနိုင်အောင် ကြိုးစားပေမဲ့လည်း အသက်အန္တရာယ်တွေ ရှိနေတာကြောင့်  လက်လျှော့ခဲ့ရပါတယ်။ စားနပ်ရိက္ခာ သောက်သုံးရေ ကျန်းမာရေး အခက်အခဲများစွာ ရင်ဆိုင်နေရတဲ့ ဒေသခံ တွေအတွက် မေတ္တာရှေ့ထားပြီး တောင်းဆိုပါ ရစေ။ သူတို့တတွေ သူတို့ရွာကနေ ဘေးအန္တ ရာယ်ကင်းကင်းနဲ့ထွက်လာနိုင်ဖို့ ခဏတာ လမ်းဖွင့်ကူညီပေးပြီး ဒေသတွင်းငြိမ်းချမ်း ရေးကို ဦးတည်စေချင်ပါတယ်လို့  ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်ပါတယ်” ဟု တိုက်ပွဲဖြစ်ပွားသည့်ဒေသများရှိ ဒေသခံများအား ကယ်ထုတ်ရန် သွားရောက်ခဲ့သည့် ကျောက်မဲမြို့မှ ကိုသားဇော်က မတ် ၁၅ ရက် ညနေပိုင်းတွင် ပြောကြားသည်။

မတ် ၁၆ ရက်တွင် မိုင်းငေါ့မြို့အနီး မန်ခေါက်ကျေးရွာသို့ စစ်ဘေးရှောင်သူ ၁၅၀ ဦးခန့် ရောက်ရှိလာသော်လည်း တော့ဖယ်ကျေးရွာနှင့် ကွန်ကော်ကျေးရွာတို့မှ ဒေသခံများမှာ ၎င်းတို့၏ရွာများမှ ထွက်မလာနိုင်သေးကြောင်း သိရသည်။

ဆက်လက်၍ ကိုသားဇော်က “လတ်တလော မိုင်းငေ့ါမြို့အနီးက မန်ခေါက်ရွာကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ကျောက်မဲမြို့မှာ လာနေဖို့ သွားကြိုဖို့ ဆက်သွယ်ပေမယ့်လည်း သူတို့က မန်ခေါက်ရွာကနေ ထွက်မလာချင်ကြသေးဘူး။ သူတို့ရဲ့ ရွာသားတွေ တောထဲမှာ ကျန်ခဲ့တာတွေလည်းရှိတယ်။ နောက်တစ်ချက်က အဲဒီနားက ရွာကလူတွေ ထွက်လာရတော့မယ်။ တချို့တွေဆို စားသောက်ရေး အခက်အခဲ ဖြစ်နေတယ်။ ရွာတွေမှာ တချို့ရေတွေတောင် ပြတ်နေကြတယ်။ တချို့ရွာတွေက ရွာထိပ်က ရေကန်တို့ ရေတွင်းတို့မှာ ရေခပ်ရတာဆိုတော့ မသွားခပ်ရဲကြတော့ သောက်သုံးရေ ပြတ်တာတွေ ရှိနေတယ်” ဟု ပြောကြားသည်။

လားရှိုး၊ နမ္မတူလမ်းပေါ်ရှိ နားဆိုင်းကျေးရွာ၊ ၁၈ မိုင်ရွာတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နမ္မတူမြို့နယ်နှင့် မန်စံကျေးရွာတို့တွင် စစ်ဘေးရှောင် ခိုလှုံနေရကြောင်း သိရသည်။

 

Most Read

Most Recent