သြင်္ကန်ပွဲတော်ကာလတွင် မန္တလေးမှ ထွက်ခွာပြေးဆွဲမည့် အဝေးပြေးယာဉ်များ လက်မှတ်နှုန်းထားများ ပိုမိုတောင်းခံမှုပြုပါက ဒဏ်ငွေ ကျပ် ၅၀၀၀၀ ပေးဆောင်ရမည်ဟု အသိပေးထုတ်ပြန်

သြင်္ကန်ပွဲတော်ကာလတွင် မန္တလေးမှ ထွက်ခွာပြေးဆွဲမည့် အဝေးပြေးယာဉ်များ လက်မှတ်နှုန်းထားများ ပိုမိုတောင်းခံမှုပြုပါက ဒဏ်ငွေ ကျပ် ၅၀၀၀၀ ပေးဆောင်ရမည်ဟု အသိပေးထုတ်ပြန်
Published 17 March 2018

သြင်္ကန်ပွဲတော်ကာလတွင် မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းဂိတ်များမှ ရန်ကုန်၊ နေပြည်တော်၊ ပြည်၊ တောင်ကြီး၊ ပုဂံညောင်ဦး စသည့် ခရီးစဉ်များနှင့် အခြားခရီးစဉ်များအား ထွက်ခွာပြေးဆွဲမည့် အဝေး ပြေးခရီးသည်တင် မော်တော်ယာဉ်အသင်းများအနေဖြင့် လက်မှတ်ခနှုန်းထားများ ပုံမှန်ထက်ပိုမိုတောင်းခံ ကောက်ယူရောင်း ချမှုပြုပါက ဒဏ်ငွေ ကျပ် ၅၀၀၀၀ ပေးဆောင်ရမည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး) မှ ယာဉ်လိုင်းများသို့ အသိပေးအကြောင်းကြား စာထုတ်ထားကြောင်း သိရသည်။

အသိပေးစာတွင်၂၀၁၈ ခုနှစ် သြင်္ကန်ပွဲတော် ရုံးပိတ်ရက်တွင် အရေးကြီးခရီးသွားများအတွက် မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ (ယကက-အဝေးပြေး) လက်အောက်ရှိယာဉ်လိုင်းများ တစ်ခုစီမှ ထိုင်ခုံ ငါးနေရာစီ ကြိုတင်စီစဉ် ထားရှိရန်နှင့် ယာဉ်စီးခ ပိုမိုတောင်းခံပါက ဒဏ်ငွေ ကျပ်ငါးသောင်း အရေးယူသွားမည်ဖြစ်ပြီး သြင်္ကန်တွင်းပြေးဆွဲမည့် ယာဉ်လိုင်းများအနေဖြင့် ဧပြီ ၅ ရက်တွင် နောက်ဆုံးထားကာ အကြောင်းကြားပေးရမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်လိုင်းတချို့ သြင်္ကန်မှာ နားကြတယ်။ ဘယ်အသင်းနားမလဲဆိုတာနဲ့ ကားလက်မှတ်ပုံမှန်ထက် ပိုမယူဖို့ အသိပေးထားပြီး မဖြစ်မနေ ခရီးသွားရမယ့်သူတွေအတွက် ထိုင်ခုံတွေ ချန်ထားခိုင်းတယ်။ ဒါကလည်း မေတ္တာရပ်ခံတာဖြစ်လို့ အသင်းတွေက လိုက်နာကြပါတယ်။ စည်းကမ်းမလိုက်နာရင်တော့ ဒဏ်ငွေ ကျပ်ငါးသောင်း ဒဏ်တပ်အရေးယူမှာပါ။ ဒါပေမဲ့ မန္တလေးမှာ သြင်္ကန်တွင်း စည်းကမ်းမလိုက်နာတာ မရှိခဲ့ဘူး။ တစ်နှစ်က ရန်ကုန်ကို ပြန်မယ့်ဘုရားဖူးကားတစ်စီးက ကြားကား ပြေးဆွဲလို့ အရေးယူခဲ့ရတာကတော့ ရှိတယ်” ဟု ဥက္ကဋ္ဌ ဦးအောင်ကျော်လင်း (အဝေးပြေး- ယကက)က ပြောကြားသည်။

ယာဉ်လိုင်းအသင်းများကို ချန်ထားပေးခိုင်းသည့် ထိုင်ခုံများကို ယာဉ်ထွက်ခွာချိန် မတိုင်မီသုံးနာရီအထိ စောင့်ဆိုင်းပေးရမည်ဖြစ်ကာ ယင်းအချိန် နောက်ပိုင်းတွင် ယာဉ်အသင်း အစီအစဉ်ဖြင့် ရောင်းချပေးနိုင် ကြောင်း၊ ပုံမှန် ယာဉ်စီးခနှုန်းထားအတိုင်း ရောင်းချရန်နှင့် ခရီးသည်များတိုင်ကြားမှုရှိလာပါက စစ်ဆေးပြီး စည်းကမ်းနှင့် မညီပါက ဒဏ်ငွေ ကျပ်ငါးသောင်း ပေးဆာင်ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ကြီးကြပ်မှုအောက် ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းငါးခုမှ ယာဉ်အသင်းပေါင်း ၅၅၂ သင်းတွင် ယာဉ်အစီးရေ ငါးထောင်ကျော်ရှိပြီး မန္တလေးတိုင်းအတွင်းနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ် ရှမ်းပြည်နယ်များ သို့ သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

Most Read

Most Recent