ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၃ (၁) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ထားသည့်အမှုမှ လွတ်မြောက်

ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၃ (၁) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ထားသည့်အမှုမှ လွတ်မြောက်
Published 16 March 2018

မတ် ၁၅ ရက်ရုံးချိန်းတွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ကြည်လင်းတို့အား ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်းအား ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ် တရားရုံးမှ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃ (၁) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ထားသည့်အမှုမှ လွတ်မြောက်ပြီဖြစ်ကြောင်း မတ် ၁၅ ရက်တွင် သိရသည်။

ကြည်လင်းမှာ ယခင်ရုံးချိန်းများက ချမှတ်ခံထားရသည့် ထောင်ဒဏ်ကြောင့် မြောက်ပိုင်းခရိုင်သို့ လာရောက်သည့် ရုံးချိန်းများတွင် ထောင်ဝတ်စုံဖြစ်သည့် အပြာရောင် ဝတ်စုံကိုသာ ဝတ်ဆင်ခဲ့ပြီး မတ် ၁၅ ရက်ရုံးချိန်းတွင်မူ သာမန်အရပ်သားဝတ်စုံဖြင့် ရုံးချိန်းသို့ လာရောက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြည်လင်း၏ ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက် (တရားလွှတ်တော်ရှေ့နေက) “သူအပြာဝတ် ပြီးတော့ ခြေကျင်းနဲ့ထွက်ရတဲ့အကြောင်းက အမှုတစ်ခုနဲ့ထောင်ကျသွားလို့ နောက်အမှုရှိရင် ထွက်ရတာ။ အဲဒီအမှုက သူ့ရဲ့ထောင်ကျတဲ့သက်တမ်း၊ ထောင်ကျတဲ့နှစ် ပြည့်သွားတဲ့အတွက်ကြောင့် ရိုးရိုးအဝတ်နဲ့ ဖြစ်သွားတာပါ” ဟု မီဒီယာများ၏ မေးမြန်းမှုအချို့ကို ပြန်လည်ဖြေကြားသည်။

ဦးကိုနီကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်းအား ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ် တရားရုံးမှ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃ (၁) ဖြင့် ၂၀၁၇ ခုနှစ် သြဂုတ် ၃၀ ရက်က ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထောက်တစ်ဦးက ကြည်လင်းအား အမိန့်ချသည့်ရက်နှင့် တွက်ကြည့်ပါက တစ်နှစ်မပြည့်သေးကြောင်း၊ မည်သည့်အတွက်ကြောင့် ပြန်လည်လွတ်မြောက်လာသလဲဟု မေးမြန်းမှုအပေါ် ဦးကျော်ကျော်ထိုက်က “ဒါကတော့ အားလုံးကိုဥပဒေအရ အခွင့်အရေးတန်းတူပေးပြီးသား၊ အကျဉ်းသားတစ်ဦး အချုပ်သားတစ်ယောက်ကို သူ့ရဲ့ခံစားခွင့်ပေးပြီးသား။ ချုပ်ရက်လျော့ရက်၊ အခုဟာက အမိန့်ချတဲ့ရက်က စတွက်တာမဟုတ်ဘူး။ ဘယ်နေ့က စချုပ်လဲဆိုတာ ရှိသေးတယ်။ ခုနက ညီအစ်ကိုပြောသလို အမိန့်ချတဲ့ရက်က စတွက်တာမဟုတ်ဘူး။ သူ့ကိုဘယ်နေ့က စချုပ်ထားလဲ။ ချုပ်ထားတဲ့နေ့ကလည်း သူ့ရဲ့ခံစားခွင့်ရှိတယ်။ အကျဉ်းထောင်ရဲ့ လက်စွဲအရ အချုပ်သားအကျဉ်းသား တစ်ယောက်ကို သူ့ရဲ့အကျဉ်းမှတ်တမ်းချုပ်ရက် ခံစားခွင့်တွေ အဲဒီအရ လျော့သွားတာ ဖြစ်လိမ့်မယ်။ ဘယ်နေ့ဘယ်ရက်က လွတ်သွားတယ်ဆိုတာ ကျွန်တော်တို့လည်း မသိဘူး” ဟု ဖြေကြားသည်။

ကြည်လင်းသည် ထိုင်းနိုင်ငံသို့ သွားရောက်စဉ်က အသွားတွင် တရားဝင်သွားသော်လည်း အပြန်တွင် တရားမဝင်ပြန်လည် ဝင်ရောက်လာမှုဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ပုဒ်မအသီးသီးဖြင့် မြောက်ပိုင်းခရိုင်တရားရုံး၌ အထူးအမှုစစ်ခုံရုံးကစွဲ ချက်တင်ထားပြီး အမှုကို ဆက်လက်စစ်ဆေးလျက်ရှိသည်။

အဆိုပါအမှုများနှင့် ပတ်သက်၍ မတ် ၁၅ ရက်တွင် ၎င်းတို့ကို ရုံးချိန်းခေါ်ယူခဲ့သည်။ ယင်းနေ့တွင် ပြန်ခေါ်သက်သေများအဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ လှိုင်မြို့နယ်ပြည်လမ်းအမှတ် (၇) တွင် ဖွင့်လှစ်ထားသည့် ရှိုးဂန်းကုမ္ပဏီပိုင်ရှင် ဦးတင်ထွန်းအောင်၊ တာမွေမြို့နယ် တာမွေလေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသိန်းနှင့် ရာအိမ်မှူး ဦးဝင်းသိန်း၊ ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်အေး၊ ဗဟန်းမြို့နယ်ဆရာစံရပ်ကွက်ရာအိမ်မှူး ဦးစည်သူအောင်၊ အမှုစစ်ရဲအရာရှိ ရဲမှူး တင်မောင်ဆွေတို့ ခုနစ်ဦးအား ဆက်လက်စစ်ဆေးခဲ့ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ဗဟို) ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၎င်း၏ နေအိမ်သို့ပြန်ရန် လေဆိပ်ရှေ့ ပလက်ဖောင်း၌ မြေးဖြစ်သူကိုချီ၍ရပ်နေစဉ် ဦးကိုနီအား ကြည်လင်းက ၉ မမ ပစ္စတိုဖြင့် နောက်မှကပ်၍ ဦးခေါင်းအား ပစ်ခတ်လုပ်ကြံမှုကြောင့် လုပ်ကြံခံရသည့်နေရာတွင် ဦးကိုနီမှာ သေဆုံးခဲ့သည်။

ဦးကိုနီအား ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်းအား အငှားယာဉ်မောင်းများနှင့် ပြည်သူများကခဲများကိုင်ကာ လိုက်လံဖမ်းဆီး စဉ်လုပ်ကြံသူ သေနတ်သမားကြည်လင်းက ပြန်လည်ပစ်ခတ်သဖြင့် လေဆိပ်အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုနေဝင်းမှာ ကျည်ထိမှန်၍ သေဆုံးခဲ့သည်။

Most Read

Most Recent