စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ ချေးယူရန် လွှတ်တော်သို့ တင်ပြ

စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ ချေးယူရန် လွှတ်တော်သို့ တင်ပြ
Published 16 March 2018

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA ) ထံမှ ဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလျံချေးယူရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မတ် ၁၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သည်။

ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်၍ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အခြေအနေအား ဂျပန်နိုင်ငံဘက်နှင့် ပူးပေါင်းလေ့လာခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

အဆိုပါစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဖန်းဆိပ်ဆည်ရေ သောက်စနစ် ဧရိယာဧက ငါးသိန်းခန့်အပေါ် အမှီသဟဲပြုနေပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသည့် အိမ်ထောင်စု ခုနစ်သောင်းခန့်၊ လူဦးရေ သုံးသိန်းခန့်အတွက် အကျိုးပြုရန် ရည်ရွယ်ထားသည့် စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းစတင်သည်နှင့် ခြောက်နှစ်အတွင်း  အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေယန်း ၃၀ ဒသမ ၄၆၉ ဘီလျံ (အမေရိကန်ဒေါ်လာသန်း ၂၇၀ခန့်) သည် အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ပြန်လည်ပေးဆပ်ရမည့်ကာလသည့် ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင် စုစုပေါင်း နှစ် ၄၀ ဖြစ်ကြောင်း၊ ချေးငွေများကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြင့် စုစုပေါင်း အကြိမ် ၈၀ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်ဖြင့် အရစ်ကျတောင်းခံပေးချေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါချေးငွေနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် မတ် ၁၆ ရက်တွင် အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားခဲ့သည်။

Most Read

Most Recent