ရခိုင်ပြည်နယ်အခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်နေ၍ ပါလီမန်များအားလုံးက သက်ဆိုင်ရာအစိုးရများကို မြန်မာပြည်အပေါ် သံတမန်ရေးဖိအားပေးရန် နိုင်ငံတကာပါလီမန်များ ညီလာခံက ဆုံးဖြတ်ချက်တွင် တိုက်တွန်းထားခြင်းသည် ပုံကြီးချဲ့ ကြီးထွားအောင် လှုံ့ဆော်ခြင်းဟုသုံးသပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ရခိုင်ပြည်နယ်အခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်နေ၍ ပါလီမန်များအားလုံးက သက်ဆိုင်ရာအစိုးရများကို မြန်မာပြည်အပေါ် သံတမန်ရေးဖိအားပေးရန် နိုင်ငံတကာပါလီမန်များ ညီလာခံက ဆုံးဖြတ်ချက်တွင် တိုက်တွန်းထားခြင်းသည် ပုံကြီးချဲ့ ကြီးထွားအောင် လှုံ့ဆော်ခြင်းဟုသုံးသပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 16 March 2018

ရခိုင်ပြည်နယ် အခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေ၍ ပါလီမန်များအားလုံးက သက်ဆိုင်ရာ အစိုးရများကို မြန်မာပြည်အပေါ် သံတမန်ရေး ဖိအားပေးရန် နိုင်ငံတကာပါလီမန်များ ညီလာခံက ဆုံးဖြတ်ချက်တွင် တိုက်တွန်းထားခြင်းသည် ပြဿနာတစ်ရပ်ကို ကူညီဖြေရှင်းဖို့ထက် ပုံကြီးချဲ့ကြီးထွားအောင် လှုံ့ဆော်ခြင်းဟု သုံးသပ်ကြောင်း မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ မတ် ၁၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက် အစီအစဉ်တွင် (၁၃၇) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံ (137th  IPU Assembly) သို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ဒေါက်တာသန်းဝင်းက အထက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆုံးဖြတ်ချက်မှာ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က မိမိတို့ရဲစခန်း ၃၀ ကို ကြိုတင်စီစဉ်ကာ တစ်ပြိုင်တည်း တိုက်ခိုက်ခံရလို့ ပြန်လည်တိုက်ခိုက်ရှင်းလင်းမှုကို လူမျိုးနွယ်စု သုတ်သင်ရှင်းလင်းခြင်းလို့ စွပ်စွဲထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက်မှုကို ရပ်ဆိုင်းထားပြီးဖြစ်သော်လည်း အကြမ်းဖက်ခြင်းများ ရပ်တန့်ရန် တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို ဆိုင်းငံ့ခြင်းမရှိဘဲ ဝင်ရောက်စွက်ဖက်ဖို့ ဆိုထားပါတယ်။ နိုင်ငံတိုင်းမှာ မိမိနိုင်ငံတွင်း လုံခြုံရေးကို ထိပါးနှောင့်ယှက်ခံရပါက မိမိလုံခြုံရေးတပ်ဖွဲ့များအနေနဲ့ တုံ့ပြန်တိုက်ခိုက်ကာကွယ်ခွင့် ရှိပါတယ်။ တပ်ဖွဲ့ဝင်များအနေနဲ့ သက်ဆိုင်ရာ လုပ်ထုံံးလုပ်နည်းများအတိုင်း စနစ်တကျ ဆောင်ရွက်ရန်သာ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်မှာ ပြဿနာနဲ့ အခြေခံအကြောင်းအဖြစ် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခြင်းကို အထူးထောက်ပြပါတယ်။ ဒါကြောင့် ၎င်းတို့ဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးရပါတယ်လို့ ဆိုထားပါတယ်။ ၎င်းတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ လွတ်လပ်စွာ သွားလာခြင်းပေးဖို့ တင်းမာစွာ ပြောဆိုထားပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ နိုင်ငံသားဖြစ်ခွင့်ကို စနစ်တကျ ပြဋ္ဌာန်းထားတာဖြစ်ပြီး လျှောက်ထားလာတဲ့သူများကိုလည်း စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဆုံးဖြတ်ချက်မှာ ရခိုင်ပြည်နယ်အခြေအနေဟာ နိုင်ငံတကာ ငြိမ်းချမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေလို့ ပါလီမန်များအားလုံးက သက်ဆိုင်ရာ အစိုးရများကို မြန်မာပြည်အပေါ် သံတမန်အရေး ပိုမိုဖိအားပေးရန် တိုက်တွန်းထားတာ တွေ့ရပါတယ်။ ပြဿနာတစ်ရပ်ကို ကူညီဖြေရှင်းပေးဖို့ထက် ပုံကြီးချဲ့ကြီးထွားလာအောင် လှုံ့ဆော်ထားကြောင်း သုံးသပ်တွေ့ရှိရပါတယ်” ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ လွှတ်တော်အနေဖြင့် ၂၀၁၂ ခုနှစ်တွင် IPU သို့ အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး (၁၃၇) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန် အိမ်ရှင် Russian Federation နိုင်ငံ အထက်လွှတ်တော်၊ အောက်လွှတ်တော်နှင့် နိုင်ငံတကာ ပါလီမန်များအဖွဲ့ ဥက္ကဋ္ဌများထံမှ ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံတွင် OIC အဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံက တင်သွင်းသော ရခိုင်ပြည်နယ် နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို (၁၇၃) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံက မျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းခြင်းဆိုသည့် စာပိုဒ်များ ပြင်းထန်စွာဖော် ပြထားသည့် ဆုံးဖြတ်ချက်မူကြမ်းနှင့် ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ပေးရေး ဆုံးဖြတ်ချက်များကြောင့် သဘောမတူကြောင်း တင်ပြခဲ့သည့် အစီရင်ခံစာအား ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် မြန်မာလွှတ်တော်အဖွဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးတီခွန်မြတ်က တင်သွင်းသည်။

IPU ညီလာခံတိုင်းတွင် လက်ရှိ နိုင်ငံတကာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အရေးပေါ်အကြောင်းအရာ (Emergency Item) တစ်ခုကို အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းဆွေးနွေးလေ့ရှိပြီး (၁၃၇) ကြိမ်မြောက် ညီလာခံရက်မတိုင်မီ အဖွဲ့ဝင်နိုင်ငံများက Emergency Item များပေးပို့ခဲ့ရာ မော်ရိုကို၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ အီရန်၊ ဆူဒန်နှင့် တူရကီ စသည့် OIC အဖွဲ့ဝင် ရှစ်နိုင်ငံက ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် အကြောင်းအရာကို တင်သွင်းထားကြောင်း တွေ့ရှိရသောကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် အခြေအနေကို ချေပရှင်းလင်းနိုင်သည့် အခွင့်အရေးရရှိသည့်အတွက် ရခိုင်ပြည်နယ်နှင့်စပ်လျဉ်းသည့် Emergency Item တစ်ခု တန်ပြန်တင်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရကြောင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၏ တင်ပြချက်အရ သိရသည်။

အဆိုပါ (၁၃၇) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာအား လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦးက ဆွေးနွေးခဲ့ကာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

Most Read

Most Recent