ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သည့် ငြိမ်းစုစီဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအားဆွေးနွေးရန် ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၆၀ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၈၀ စာရင်းပေးထား

ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သည့် ငြိမ်းစုစီဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအားဆွေးနွေးရန် ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၆၀ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၈၀ စာရင်းပေးထား
Published 16 March 2018

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးရန် ပြည်သူ့လွှတ်တော်ရုံးတွင် အမည်စာရင်းပေးသွင်းနေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-Ko Lay Htun Facebook)

ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအားဆွေးနွေးရန် ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ၆၀ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၈၀ ဦး စာရင်းပေးသွင်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးရန် ပြည်သူ့လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် ၆၀ ဦးနှင့် ရွေးကောက်ခံ အရပ်သားကိုယ်စားလှယ် ၂၀ ဦးတို့က စာရင်းပေးသွင်းထားကြောင်းနှင့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ အစည်းအဝေးခန်းမဆောင် (I – 2) တွင် ပြုလုပ်မည်ဖြစ်ပြီး ဥပဒေကြမ်းကို ဆွေးနွေးရန် အမည်စာရင်းတင်သွင်းသည့် ရွေးကောက်ခံ အရပ်သားလွှတ်တော်ကိုယ်စားလှယ်များတွင် NLD ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များပါဝင်ကြောင်း ငြိမ်းစုစီဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အမည်စာရင်းပေးထားသည့် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက ပြောကြားသည်။

အဆိုပါ အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦးအနက် ဥပဒေကြမ်းကော်မတီနှင့် ပြုလုပ်မည့် ညှိနှိုင်းအစည်းအဝေးတွင် ဥပဒေကြမ်းအပေါ် ပြင်ဆင်မည့်အချက်နှင့်ပတ်သက်ပြီး ညှိနှိုင်းမရသည့် ကိုယ်စားလှယ်များကသာ ပြည်သူ့လွှတ်တော်တွင် ထပ်မံဆွေးနွေးရမည်ဖြစ်ကြောင်း ဦးတင်ထွေးက ထပ်မံပြောကြားသည်။

ထို့ပြင် ငြိမ်းစုစီဥပဒေကိုပြင်ဆင်သည့်  ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၈၀ အမည်စာ ရင်းပေးထားခြင်းသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဥပဒေကြမ်းတစ်ခု နှင့်ပတ်သက်၍ ဆွေးနွေးရန် အမည်စာရင်းပေးရာတွင် လူဦးရေအများဆုံးဖြစ်ကြောင်း သိရသည်။

“အရပ်သားကိုယ်စားလှယ်တွေထဲမှာဆိုရင် NLD လည်းပါတယ်။ ရခိုင်လည်းပါတယ်။ ပြည်ခိုင်ဖြိုးလည်းပါတယ်။ အန်ကယ်တို့ ဒုတိယအကြိမ်လွှတ်တော်မှာတော့ ဒီဥပဒေက အမည်စာရင်းပေးတာ အများဆုံးပဲ။ ပထမအကြိမ်လွှတ်တော်တုန်းက မသိဘူးပေါ့။ ဒုတိယအကြိမ်မှာ အများဆုံးပဲ။ အများဆုံးဆိုတဲ့နေရာမှာ အရပ်သားက နည်းတယ်။ သို့သော် တပ်မတော်သားကိုယ်စားလှယ်က အများဆုံးပဲ။ အန်ကယ်တို့ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေရယ် ဒီမိုကရေစီအခွင့်အရေးကိုလည်း မထိခိုက်အောင်ရယ် အဲဒီအပေါ်မှာ စဉ်းစားပြီးတော့မှ ဥပဒေကြမ်းကော်မတီအစည်းအဝေး ခန်းမဆောင်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပဏာမ ဥပဒေကြမ်းမှာ ညှိနှိုင်းတဲ့သဘောပဲ။ ဥပဒေကြမ်းမှာ ညှိနှိုင်းလို့မရဘူးဆိုရင်တော့ ပြည်သူ့လွှတ်တော်ကိုတင်ရမယ်။ တင်ပြီးတော့မှ ထောက်ခံတဲ့လူနဲ့ ကန့်ကွက်တဲ့သူနဲ့ အကယ်၍ ဥပဒေကြမ်းပေါ်မှာ ကန့်ကွက်တဲ့ လူရှိရင်တော့ ကန့်ကွက်တဲ့အချက်ကို ကန့်ကွက်တဲ့ပုဂ္ဂိုလ်တွေက လွှတ်တော်မှာ ဆွေးနွေးရမယ်။ ဆွေးနွေးချက်ပေါ်မှာ မဲခွဲရမှာပဲ” ဟု ဦးတင်ထွေးက ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဖေဖော်ဝါရီ ၁၉ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ် ၇ ရက်တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၉၄ ဦးရှိသည့်အနက် ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကာ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ပေးပို့လာခြင်း ဖြစ်သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်အနေဖြင့် အတည်မပြုသင့်ကြောင်းကို လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီဝင် ဦးခင်မောင်လတ်၊ ဦးကျော်ကျော်၊ NLD ပါတီဝင် ဒေါ်နော်လှလှစိုး၊ ဦးရဲထွဋ်၊ ဦးတင်အောင်ထွန်း၊ ဦးဌေးဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးစိုးသိန်း၊ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစိုင်းသန်းနိုင်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲအတည်ပြုခဲ့ပြီးဥပဒေကြမ်း တစ်ခုလုံးအား အတည်ပြုပေးရန် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက အဆိုတင်သွင်းချိန်တွင် တပ်မတော်သားကိုယ်စားလှယ်က ထပ်မံကန့်ကွက်ခဲ့ပြီး ယင်းသို့ ကန့်ကွက်ရခြင်းသည် အမျိုးသားလွှတ်တော်ဥပဒေအရ တစ်ရက်တည်းတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကလည်း အငြင်းပွားဖွယ်ရာကိစ္စများ ဖြစ်ပေါ်ပါက လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်သည့်အတွက် လွှတ်တော်အဆုံးအဖြတ်ရယူကာ ဥပဒေကြမ်းအား အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို အရပ်ဘက်အဖွဲ့အစည်း ၁၈၈ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ ၁၇ ဦးတို့က သဘောထားထုတ်ပြန်ချက်များ ပူးပေါင်းထုတ်ပြန်ပြီး ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြသည့်အပြင် မတ် ၅ ရက်က အင်အား ၅၀၀ ခန့်ဖြင့် ပယ်ဖျက်ပေးရန် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent