သြင်္ကန်မဏ္ဍပ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သော အမည်များ၊ နိုင်ငံရေး အရိပ်အယောင် မကင်းသောအမည်များ သုံးစွဲခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်

သြင်္ကန်မဏ္ဍပ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သော အမည်များ၊ နိုင်ငံရေး အရိပ်အယောင် မကင်းသောအမည်များ သုံးစွဲခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်
Published 16 March 2018

ယခင်နှစ်သြင်္ကန်က မိသားစုရေကစားမဏ္ဍပ်တစ်ခုတွင် ရေကစားနေသူများနှင့် ရေပက်ခံသူများအား တွေ့ရစဉ် (ဓာတ်ပုံ- ဆန်းထူးအောင်)

သြင်္ကန်မဏ္ဍပ်များတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သော အမည်များ၊ နိုင်ငံရေး အရိပ်အယောင် မကင်းသော အမည်များ သုံးစွဲခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်၌ သြင်္ကန်မဏ္ဍပ်များတွင် ယဉ်ကျေးမှုနှင့် မအပ်စပ်သောအမည်များ၊ နိုင်ငံရေး အရိပ်အယောင်မကင်းသော အမည်များသုံးစွဲခြင်း မပြုရကြောင်း၊ မဏ္ဍပ်၏ နောက်ခံကားချပ် အပြင်အဆင်တွင် မြန်မာ့ရိုးရာ အတာသြင်္ကန်ပုံပေါ်သည့် ပန်းချီဒီဇိုင်းများ၊ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှုကို သရုပ်ဖော်သည့် ပန်းချီကားချပ်များ ထည့်သွင်းရေးဆွဲနိုင်ကြောင်း၊ ခွင့်ပြုချက်ရယူထားသည့် မဏ္ဍပ်၏ မြန်မာအမည်ကို စာလုံးအဝိုင်းဆိုဒ် အချင်း ရှစ်လက်မ၊ စာလုံးအထူ ၁ ဒသမ ၅ လက်မဖြင့် မဏ္ဍပ်၏ နဖူးစည်းအလည်တည့်တည့်တွင် ထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခြင်းမရှိပါက ဒဏ်ကြေးငွေ ကျပ်ဆယ်သိန်းတပ်ရိုက်ခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏ္ဍပ်ကြော်ငြာများတွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သက်သည့် ကြော်ငြာများ ထည့်သွင်းခွင့်မပြုကြောင်း၊ မဏ္ဍာပ်လုံခြုံရေးအတွက် လိုအပ်သောနေရာတွင် ဧပြီ ၁၀ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားကာ CCTV များ တပ်ဆင်ပြီး ကျွမ်းကျင်သူများအား တာဝန်ပေးထားရန်နှင့် နေ့စဉ် CCTV မှတ်တမ်းများအား သက်ဆိုင်ရာ ကွပ်ကဲမှုရုံးများသို့ ည ၈ နာရီထက် နောက်မကျဘဲ ပေးပို့တင်ပြသွားရန်နှင့် တပ်ဆင်ခြင်းမရှိပါက ဒဏ်ကြေးငွေ ကျပ် ဆယ်သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍာပ်အား နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ ရေကစားချိန်အဖြစ် သတ်မှတ်ထားကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေသည့် အပြုအမူ၊ အပြောအဆို၊ ဝတ်စားဆင်ယင်ခြင်းများကို ဆောင်ရွက်ပြုလုပ်ပါက မဏ္ဍပ်ချက်ချင်းပိတ်သိမ်းမည်ဖြစ်ပြီး လျှောက်ထားသူ သက်ဆိုင်ရာမဏ္ဍာပ် တာဝန်ခံအား နောင်လာမည့်မဟာသြင်္ကန်ပွဲတော်နှစ်နှစ်အတွင်း ခွင့်ပြုအား ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကန်တော်ကြီးပတ်လမ်းတွင် ခွင့်ပြုမိန့်ရရှိသော မဏ္ဍပ်များအနေဖြင့် ယာဉ်ကြောနှစ်ခုအတွက် Ramp 2 ခုကို အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ သတ်မှတ်ထားသော ဒီဇိုင်းပုံစံအတိုင်း မိမိတို့အစီအစဉ်ဖြင့် ပြုလုပ်ဆောင်ရွက်ရန်၊ တာဝန်ရှိသူများက လိုက်လံစိစစ်ချိန်တွင် အားနည်းချက်များ ရှိသည်ကို တွေ့ရှိရပါက ညွှန်ကြားသည့်အတိုင်း ဖြည့်စွက်ပြုပြင်ရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်များကို ယာယီရေသွယ်ရာတွင် သက်ဆိုင်ရာဌာနမှ ညွှန်ကြားချက်များ အတိုင်းသာ ဆက်သွယ်ဆောင်ရွက်ကြရန်၊ ခွင့်ပြုချက်နှင့်ကွဲလွဲပြီး ဆောင်ရွက်ခြင်းများ စိစစ်တွေ့ရှိပါက ပိုက်အရွယ်အစားအလိုက် ကျသင့်ရေသွယ်ခ၊ ရေဖိုးဒဏ်ကြေးသုံးဆ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မိမိသြင်္ကန်မဏ္ဍပ်မှ နေ့စဉ်ထွက်ရှိသော စက္ကူ၊ ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်၊ ဗူးခွံ၊ ပုလင်းခွံစသည့်အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးကို မိမိသြင်္ကန်မဏ္ဍပ်မှပင် ကြပ်မတ်ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ သြင်္ကန်မဏ္ဍပ်ဖျက်သိမ်းပြီး ထွက်ရှိသော အမှိုက်များအား သိမ်းဆည်းရာတွင် အမှိုက်ထွက်ရှိမှုအပေါ် မူတည်ပြီး အမှိုက်သိမ်းဆည်းခအား တွက်ချက်၍ ကျသင့်ငွေကို စပေါ်ငွေမှ နှိမ်မည်ဖြစ်ကြောင်း၊ မဏ္ဍပ်အတွင်းတွင် အလုံပိတ်အခန်းများ ထည့်သွင်းတည်ဆောက်ခြင်း လုံးဝမပြုလုပ်ရန်၊ မဏ္ဍပ်အတွင်း အရက်ဆိုင်၊ ဘီယာဆိုင်များ လုံးဝမရှိစေရန်၊ ရေကစားမဏ္ဍပ်များတွင် မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စားမူးယစ်ပြီး ပါဝင်လှုပ်ရှားနေသူများ မရှိစေရန် မဏ္ဍပ်တာဝန်ခံများက ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent