ချမ်းမြသာစည်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုတွင် ရဲတပ်သားတစ်ဦး ပါဝင်နေကြောင်း သိရ

ချမ်းမြသာစည်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုတွင် ရဲတပ်သားတစ်ဦး ပါဝင်နေကြောင်း သိရ
Published 16 March 2018

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုတွင် အမှတ်(၁၀)ရဲစခန်းမှ ရဲတပ်သားတစ်ဦး ပါဝင်နေသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဆိုပါ ရဲစခန်းမှ သတင်းရရှိသည်။

မတ် ၁၄ ရက် နံနက်က ချမ်းမြသာစည်မြို့နယ် ပြင်ဦးလွင်လမ်း စောမွန်လှဘုရားရှေ့ လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ အမှတ် (၁၇) မူးယစ်တပ်ဖွဲ့စုမှ စစ်ဆေးမှုများ ပြုလုပ်နေစဉ် သတင်းရရှိထားသည့် မသန်းသန်းစိုးဆိုသူအား စစ်ဆေးခဲ့ရာ နေကြာစေ့အိတ်ခွံအတွင်း ထည့်ထားသည့် ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ ပြားကို တွေ့ရှိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများကို လက်ဝယ်တွေ့ရှိခဲ့သည့် မသန်းသန်းစိုးအား ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါ ဆေးပြားများကို ၀၉-..... ကိုင်ဆောင်သူ နေထက်လင်းဆိုသူထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ထို့ကြောင့် နေထက်လင်းဆိုသူကို ဖမ်းဆီးရမိရန်အတွက် မသန်းသန်းစိုးက တစ်ဆင့်ဖုန်းဆက် ချိန်းဆိုစေခဲ့ပြီး နေထက်လင်းကို ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး တစုံတရာ မတွေ့ရှိသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် ဆက်သွယ်ခဲ့သည့် လက်ကိုင်ဖုန်းအား သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းအား ဆက်လက်စစ်ဆေးခဲ့ရာ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်းမှ ရဲတပ်သားတစ်ဦးဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)စခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းအား ဆက်သွယ် မေးမြန်းခဲ့ရာ “အမှုက အောင်ပင်လယ် စခန်းအပိုင်မို့ အသေးစိတ် မသိရသေးပါဘူး။ အဲဒီ ပါဝင်ပတ်သက်တယ်လို့ သိရတဲ့ ရဲတပ်သား နေထက်လင်းက အမှတ်(၁၀)စခန်းကဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် စစ်ဆေးမှုတွေ ပြုလုပ်နေတုန်းမို့ ဟုတ် မဟုတ်ဆိုတာ မပြောနိုင်သေးဘူး” ဟု ဖြေကြားခဲ့သည်။

မသန်းသန်းစိုးနှင့် ရဲတပ်သားနေထက်လင်းတို့နှစ်ဦးကို အောင်ပင်လယ်နယ်မြေ ရဲစခန်းတွင် (ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့် ဒုရဲအုပ်လင်းလင်းဦးက တရားလိုပြုလုပ် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

မန္တလေးမြို့တွင် မတ်လ ၉ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်းနှင့် ခိုင်ရွှေဝါလမ်းထောင့်တွင် ရပ်ထားသည့် သုံးရက်ကြာခန့် ရပ်ထားသည့် Crown အဖြူရောင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈ သိန်းကျော် အပါအဝင် ဘိန်းဖြူများကို ဆပ်ပြာခွက်များ၊ ပီနံအိတ်များဖြင့် ထည့်သွင်းထားသည့် မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိခဲ့ပြီး ကာလတန်ဖိုးကျပ်ငွေ သိန်းပေါင်း ၁၄၅၀၀၀ ခန့်ရှိကြောင်း သိရပြီး ပိုင်ရှင်များကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent