ဧရာဝတီတိုင်းဒေသကြီးအတွင်း လောင်းကစားဝိုင်းများနှင့် ဒိုင်များကို ဥပဒေနှင့်အညီ တင်းကျပ်စွာ တားဆီးပိတ်ပင်အရေးယူရေး အဆို လွှတ်တော်သို့တင်သွင်းရာ၌ လွှတ်တော်ကိုယ်စားလှယ်က ၈၈ အရေးအခင်းမတိုင်မီက လောင်းကစားကိစ္စဖြင့် တိုင်းပြည်အတွင်း ဆူပူမှုများဖြစ်ပွားခဲ့သည်ကို ဥပမာပေး၍ အဆိုတင်သွင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း လောင်းကစားဝိုင်းများနှင့် ဒိုင်များကို ဥပဒေနှင့်အညီ တင်းကျပ်စွာ တားဆီးပိတ်ပင်အရေးယူရေး အဆို လွှတ်တော်သို့တင်သွင်းရာ၌ လွှတ်တော်ကိုယ်စားလှယ်က ၈၈ အရေးအခင်းမတိုင်မီက လောင်းကစားကိစ္စဖြင့် တိုင်းပြည်အတွင်း ဆူပူမှုများဖြစ်ပွားခဲ့သည်ကို ဥပမာပေး၍ အဆိုတင်သွင်း
Published 16 March 2018

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပစဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း လောင်းကစားဝိုင်းများနှင့် လောင်းကစားဒိုင်များကို ဥပဒေနှင့်အညီ တင်းကျပ်စွာတားဆီးပိတ်ပင် အရေးယူရေးအဆိုအား ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ရေကြည်မြို့နယ် မဲဆန္ဒနယ် (၁) မှ ဦးမျိုးညွန့်က လွှတ်တော်သို့ တင်သွင်းရာတွင် ၈၈ အရေးအခင်းကာလမတိုင်မီက လောင်းကစားကိစ္စဖြင့် တိုင်းပြည်အတွင်း ဆူပူမှုများဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်အား ဥပမာပေး၍ အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

အထက်ပါအဆိုအား ဦးမျိုးညွန့်က တင်သွင်းခဲ့သည်ကို အခြားသောလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ထောက်ခံဆွေးနွေးခဲ့ပြီး အစိုးရအဖွဲ့ဝင်များကိုယ်စား လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးမှလည်း လွှတ်တော်အတွင်း ယင်းအဆိုအား ဆွေးနွေးသင့်ကြောင်း ထောက်ခံဆွေနွေးခဲ့သည်။

ရေကြည်မြို့နယ် မဲဆန္ဒနယ် (၁)မှ ဦးမျိုးညွန့်က လွှတ်တော်သို့ အဆိုတင်သွင်းရာတွင် “ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားများ အတော်များများမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းနှင့် ကြုံတွေ့နေရပြီး နေ့စဉ်လုပ်အားခ ရရှိမှုမှာလည်း မိသားစုအတွက် မဆိုထားနှင့် မိမိကိုယ်တိုင် တစ်ဦးတည်း၏ ဘဝရပ်တည်မှုရအောင်ပင် မနည်းရုန်းကန်နေကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားထဲမှ ထွက်ပေါက်တစ်ခုအဖြစ် ဥပဒေမဲ့ လုပ်စားနေ သူတွေရဲ့ မရေရာ မသေချာသော နှစ်လုံး၊ သုံးလုံး၊ ဘောလုံးလောင်းကစားသမားတွေရဲ့ အသုံးချမှုကို စိတ်ကူးယဉ်စမ်းသပ်နေကြတာလည်း အားလုံးအသိပင်ဖြစ်ပါတယ်။ ဒါတွေဟာ ပြန်လည်ထူထောင်ရေး၊ ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေတဲ့ အစိုးရတစ်ရပ်ရဲ့ဥပဒေမဲ့ တွေရဲ့ ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာလည်း အတိအလင်း အထင်အရှားရှိနေတဲ့ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ ၈၈ အရေးအခင်းမတိုင်မီကာလမှာ ယင်းကိစ္စကိုအခြေခံပြီး တိုင်းပြည် ဆူပူမှုတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒီ ၁၉၈၈ ခုနှစ် နှစ်ဦးပိုင်းမှာပဲ တစ်ကြိမ်တည်းတွင် ချဲဂဏန်း ပေါက်ဂဏန်းလေးမျိုး အငြင်းပွားဖွယ် ကြားသိနေရသည့်အတွက် အလျော်အစားကိစ္စတွင် မြို့တွေ၊ ရွာတွေမှာ အိမ်တွေဖျက်၊ ပစ္စည်းတွေ ဝင်လုပြီး ဆူပူမှုတွေဖြစ်ခဲ့တာ တစ်နိုင်ငံ လုံးအသိပဲဖြစ်ပါတယ်။ မိမိရပ်ရွာ၊ မိမိဒေသ လုံခြုံရေးအတွက် ဒေသခံများကိုယ်တိုင် လုံခြုံရေး ယူရတဲ့အခြေအနေအထိ ဖြစ်ခဲ့ရပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် လောင်းကစားမှု ၁၁၂ မှု၊ ၂၀၁၆ ခုနှစ်တွင် လောင်းကစားမှု ၂၇၄ မှု၊ ၂၀၁၇ ခုနှစ်တွင် လောင်းကစားမှု ၂၄၉ မှု ဖမ်းဆီး ရမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent