ဘင်္ဂလားဒေ့ရှ်မှ ပေးပို့ထားသည့် လူဦးရေစာရင်း ၈၀၀၀ ကျော်အနက် ၃၇၄ ဦးအား လက်ခံရန်အသင့်ရှိပြီး ကျန်လူဦးရေစာရင်းမှာ အချက်အလက်မပြည့်စုံသဖြင့် ပြန်လည်ပေးပို့ထား

ဘင်္ဂလားဒေ့ရှ်မှ ပေးပို့ထားသည့် လူဦးရေစာရင်း ၈၀၀၀ ကျော်အနက် ၃၇၄ ဦးအား လက်ခံရန်အသင့်ရှိပြီး ကျန်လူဦးရေစာရင်းမှာ အချက်အလက်မပြည့်စုံသဖြင့် ပြန်လည်ပေးပို့ထား
Published 15 March 2018

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသည့် လူဦးရေစာရင်း ၈၀၀၀ ကျော်အနက် စိစစ်ပြီးဖြစ်သည့် လူဦးရေ ၃၇၄ ဦးအား လက်ခံရန်အသင့်ရှိပြီး ကျန်လူဦးရေစာရင်းမှာ အချက်အလက်မပြည့်စုံသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် မတ် ၁၄ ရက်ကပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

“၈၀၃၂ ယောက်က ၃၇၄ ယောက် စိစစ်ပြီးဖြစ်ပါတယ်။ ဒီနေ့မနက်ပဲ ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကို ဒီစာရင်းကိုပို့ပေးလိုက်ပါပြီ။ တစ်ချိန်တည်းမှာပဲ ဒါကာမှာရှိတဲ့ မြန်မာသံရုံးကလည်း နိုင်ငံခြားရေးရုံးကို သွားပေးပါ့မယ်။ အဲဒီတော့ ကျွန်တော်တို့ဆိုလိုချင်တာက ၃၇၄ ယောက်တော့ စိစစ်ပြီးပါပြီ။ ခင်ဗျားတို့ အမြန်ပို့ချင်ရင် ပို့လို့ရပါပြီ။ ကျွန်တော်တို့ ဒီကတော့ Ready။ ကျွန်တော်တို့စိစစ်ပြီးတဲ့သူ ၃၇၄ ယောက်လာတဲ့အချိန်မှာ ကျွန်တော်တို့လက်ခံပါ့မယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်စောစောကပြောခဲ့သလိုပဲ ဒီအချက်အလက်တွေ မပြည့်စုံသေးတဲ့အတွက် ဒီရှစ်ထောင်ကိုတော့ သူတို့ပြန်ပြီးတော့ ပုံစံဖြည့်ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်မှပေးပို့သည့် အိမ်ထောင်စု ၁၆၇၃ စုမှ လူဦးရေ ၈၀၃၂ ဦးအားစိစစ်ရာတွင် မတ် ၁၃ ရက်အထိ လူဦးရေ ၄၅၆ ဦးစိစစ်ထားပြီး ယင်းထဲ၌ အကြမ်းဖက်မှုတွင်ပါဝင်သူသုံးဦး စိစစ်တွေ့ရှိထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က ဆိုသည်။

တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသည့် ဘင်္ဂါလီများကို ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းတို့တွင် ယခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် စတင်လက်ခံရန် နှစ်နိုင်ငံသဘောတူထားသော်လည်း လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသူမရှိသေးကြောင်း သိရသည်။

ပြဿနာဖြစ်ခဲ့ရသည့်နေရာရှိ ခိုင်လုံစိတ်ချရသည့်သူများဆီမှ ရရှိခဲ့သည့်သတင်းများအရ အများစုသည် စိုးရိမ်ကြောက်လန့်စိတ်ကြောင့် ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများနောက်ပိုင်း တပ်မတော်က ရှင်းလင်းဆောင်ရွက်သည့်အခါ ၎င်းတို့အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် သံသယဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ထွက်ပြေးသွားကြကြောင်း ပြန်ကြားရေးကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

ဆက်လက်၍ “ဒုတိယအကြောင်းကတော့ ARSA နဲ့ သူ့ရဲ့ထောက်ခံသူတွေရဲ့ ခြိမ်းခြောက်မှုကြာင့်ဖြစ်ပါတယ်။ သူတို့အများအပြားဟာ ထွက်ပြေးဖို့အတွက် ခြိမ်းခြောက်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ တတိယအကြောင်းကတော့ ယင်းတို့အနက် အများအပြားဟာ တတိယနိုင်ငံတစ်ခုမှာ အခြေချခွင့်ရမယ်။ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတွေမှာ စားဝတ်နေရေး ပိုမိုပြေလည်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ထွက်ပြေးဖို့ စည်းရုံးခံခဲ့ကြရတယ်လို့ သိရပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ချစ်ကြည်ရင်းနှီးမှုကို ပြသသည့်အနေဖြင့် ဟိန္ဒူဘာသာဝင် ၇၀၀ ကျော်နှင့် မွတ်စလင်ဘာသာဝင် ၅၀၀ တို့ကို အမြန်ဆုံးခေါ်ယူရန်အတွက် စိစစ်ပြီး လူ ၁၂၀၀ ကျော်စာရင်းကို မြန်မာက ဘင်္ဂလားဒေ့ရှ်အစိုးရသို့ ပေးပို့ခဲ့ကြောင်း၊ ဖေဖော်ဝါရီလလယ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ပုံစံ ၈၀၀၀ ကျော်ကို ပြန်လည်ပေးပို့လာခဲ့ကြောင်း၊ အရေးကြီးသည့်အချက်အလက်များနှင့် လက်ဗွေစစ်ဆေးမှုလုပ်ရန် လိုအပ်ချက်များ ပါမလာခဲ့ကြောင်းနှင့် အချက်အလက်များတွင် အိမ်ထောင်ဦးစီး၏လက်ဗွေ၊ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသားနှင့် ရှင်းလင်းပြတ်သားသည့်ဓာတ်ပုံတို့ ပါမလာခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent