ပြည့်တန်ဆာများအား ဖမ်းဆီးထောင်ချခြင်း မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားစေနိုင်မည့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထား

ပြည့်တန်ဆာများအား ဖမ်းဆီးထောင်ချခြင်း မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားစေနိုင်မည့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထား
Published 15 March 2018

ပြည့်တန်ဆာများအား ဖမ်းဆီး ထောင်ချခြင်း မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားစေမည့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေမူကြမ်းကို ရေးဆွဲထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိသည်။

“လွှတ်တော်ကို အမြန်ဆုံးတင်နိုင်အောင် ကြိုးပမ်းနေပါတယ်။ လက်ရှိမှာ ဥပဒေမူကြမ်းကို ရှေ့နေချုပ်ရုံးကို ပို့ထားပါပြီ”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး နော်သဝါး က ပြောကြားသည်။

အဆိုပါ ဥပဒေမူကြမ်းတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကဲ့သို့ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူများအား ဖမ်းဆီးထောင်ချခြင်း မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားစေခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တည်ထောင်ရန် အထောက်အပံ့ပေးခြင်းများ ပြုလုပ်ရန် ထည့်သွင်းရေးဆွဲထားကြောင်း အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး နော်သဝါးက ပြောကြားသည်။

ဥပဒေမူကြမ်းတွင် ပြည့်တန်ဆာများအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း ပြုလုပ်ပြီးသော်လည်း ပြည့်တန်ဆာအဖြစ် ထပ်မံလုပ်ကိုင်ပါက ထောင်ဒဏ် တစ်လအထိ ချမှတ်အပြစ်ပေးနိုင်ရန် ထည့်သွင်းထားကြောင်း သိရသည်။

“သင်တန်းကျောင်းကို ပို့မယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမယ်။ သင်ကြားပေးပြီးလို့ ဒီပညာနဲ့ လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီးကအစ၊ အလုပ်အကိုင် အခွင့်အလမ်းကအစ ဖန်တီးပေးမယ်။ ငွေ အရင်းအနှီးကလည်း သတ်မှတ်ထားတဲ့ ပမာဏပေါ့။ ဥပမာ ဆံပင်ညှပ်ဆိုင် ဖွင့်ချင်တယ် ဆိုရင် ဆံပင်ညှပ်ဆိုင် ဖွင့်ချင်တယ်ဆိုတဲ့ အတိုင်းအတာအလျောက်၊ ကုန်စိမ်းဆိုင် ဖွင့်မယ်ဆိုရင် ကုန်စိမ်းဆိုင် ဖွင့်နိုင်လောက်အောင် ငွေကြေးအထောက်အပံ့ကို ကျွန်မတို့ ဝန်ကြီးဌာနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးမယ်။ အဲဒီလိုလုပ်ပေးတာတောင်မှ အရင်လုပ်ငန်းကို ဆက်လုပ်နေမယ် ဆိုရင်တော့ တစ်လထက် မပိုသော ထောင်ဒဏ်လို့ ထပ်ထည့်ထားပါတယ်”ဟု အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး နော်သဝါးက ပြောကြားသည်။

Most Read

Most Recent