ရန်ကုန်မြို့တွင်း ၄၄ မြို့နယ်တွင် မြို့နယ်အလိုက် မဏ္ဍပ်များ တည်ဆောက်ရန် တိုင်းအစိုးရက ညွှန်ကြားထားဟုဆို

ရန်ကုန်မြို့တွင်း ၄၄ မြို့နယ်တွင် မြို့နယ်အလိုက် မဏ္ဍပ်များ တည်ဆောက်ရန် တိုင်းအစိုးရက ညွှန်ကြားထားဟုဆို
Published 15 March 2018

ရန်ကုန်မြို့တွင်း ၄၄ မြို့နယ်တွင် မြို့နယ်အလိုက် မဏ္ဍပ်များ တည်ဆောက်ရန် တိုင်းအစိုးရက ညွှန်ကြားထားကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပါဝင် ဆောင်ရွက်မှာပါ၊ မနှစ်က မစည်ကားဘူး ဖြစ်သွားတယ်။ ဒီနှစ်ကိုတော့ စည်စည်ကားကား ဖြစ်အောင် ဆောင်ရွက်မယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို နာယကအဖြစ် ခန့်တယ်။ ဒါပေမဲ့ ဘတ်ဂျက်မရှိဘဲ ဘာမှလုပ်လို့ မရဘူး။ အခုက ဘတ်ဂျက် ဘာမှမလာဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ဆိုပြီး ပြောတယ်။ အဲဒီအတွက် အခက်အခဲဖြစ်တယ်။ ဒါက နှစ်စဆိုတော့ ထားလိုက်တော့။ ပွဲတစ်ပွဲလုပ်လိုက် လုပ်ငန်းရှင်တွေကို အလှူခံလိုက် ဆိုတာက အဆင်မပြေဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ကိုခိုင်းလိုက်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရှာခိုင်းရမှာပဲ။ ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်စေချင်ဘူး။ စည်ကားအောင် လုပ်ဆို လုပ်ပေးမယ်။ အခုအလှူလိုက်ခံတာတွေ ဘာတွေလုပ်ရဦးမယ်။ မြို့နယ်မှာ လုပ်ရမယ်ဆိုပြီး ထွေအုပ်ရုံးကို ညွှန်ကြားချက် ထွက်လာတယ်”ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ထို့ပြင် မြို့နယ်တိုင်းတွင် မြို့နယ်မဏ္ဍပ် လုပ်ခိုင်းသဖြင့် စည်ကားလာနိုင်ကြောင်း၊ လမ်းလျှောက်သြင်္ကန် ရှိလာမည် ဖြစ်ကြောင်း၊ မြို့နယ်များတွင် တည်ဆောက်မည့် မဏ္ဍပ်များအား မြို့နယ်ထွေအုပ်ရုံးရှေ့တွင် လုပ်ဖို့များကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခင်နှစ် ရန်ကုန်သြင်္ကန်တွင် တိုင်းအစိုးရ အစီအစဉ်ဖြင့် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်တို့တွင် ခရိုင်မဏ္ဍပ်များ တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင် မြို့နယ်အလိုက် မဏ္ဍပ်များ တည်ဆောက်ရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယခုနှစ် ရန်ကုန်သြင်္ကန်တွင် ပါမစ်မဏ္ဍပ်များကို ပြန်လည် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ လမ်းလျှောက်သြင်္ကန်နှင့် စတုဒိသာမဏ္ဍပ်များ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (လမ်းတံတား) ဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ရာ၌ ခွင့်ပြုပေးထားသည့် နေရာအတိုင်းအတာထက် ကျော်လွန်ဆောက်လုပ်ပါက မဏ္ဍပ်ဆောက်လုပ်ခွင့် ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၁၇ မတ်လတွင် ထုတ်ပြန်ခဲ့သည်။

ယခင်နှစ်တွင် မဏ္ဍပ်ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူက အခြားသူများသို့ ငှားရမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း လုံးဝမပြုလုပ်ရ၊ လျှောက်ထားသူ ကိုယ်တိုင် ဆောက်လုပ် အသုံးပြုရန်၊ လိုက်နာမှု မရှိလျှင် မူလခွင့်ပြုချက် ရရှိထားသော ပိုင်ရှင်က ၎င်းပေးသွင်းထားသည့် စပေါ်ငွေအနက် မဏ္ဍပ်ကြီးအတွက် ကျပ်သိန်း ၅၀ ကို လည်းကောင်း၊ မဏ္ဍပ်အလတ်အတွက် ကျပ်သိန်း ၃၀ ကို လည်းကောင်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယခင်နှစ် ထုတ်ပြန်ချက်၌ မဏ္ဍပ်အကြီးများကို မျက်နှာစာ အရှည်ပေ ၁၀၀ မှ ၁၂၀၊ အနောက်ဘက်သို့ ပေ ၄၀၊ မြေပြင်မှ ၈ + ၁၂၊ ပေ ၂၀ အထိ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး မဏ္ဍပ်အလတ်များအား မျက်နှာစာအရှည် ပေ ၅၀ မှ ၉၉ ပေ အနောက်ဘက်သို့ ပေ ၃၀၊ အမြင့် ၆ +၁၀ ၁၆ ပေအထိ ဆောက်လုပ်ခွင့် ပြုမည်ဖြစ်ပြီး မဏ္ဍပ်များ၏ အကျယ်အဝန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ခွင့်ပြုပေးသည့် ပုံစံအတိုင်း မဏ္ဍပ်တာ ဝန်ခံအင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent