ထိုင်းဘတ်ငွေဈေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ဈေးမြင့်တက်လာပြီး မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများ အရှုံးပေါ်

ထိုင်းဘတ်ငွေဈေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ဈေးမြင့်တက်လာပြီး မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများ အရှုံးပေါ်
Published 15 March 2018

မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ နှစ်မျိုးလုံးဖြင့် အသုံးပြုနေသော မြဝတီနယ်စပ်မြို့ ငွေကြေး ဈေးကွက်ရပ်ဝန်းတွင် ထိုင်းဘတ်ငွေဈေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်များ အပါအဝင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ ဈေးမြင့်တက်လာခဲ့ကာ မြန်မာကျပ်ငွေ လက်ဝယ်ပိုက်မိသူ ကုန်သည်များ တစ်နေ့တည်း သိန်းဆယ်ဂဏန်းထိ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

ယခုလတွင် ထိုင်းဘတ်ငွေဈေး စံချိန်တင် မြင့်တက်လာခြင်းကြောင့် နယ်စပ်မြဝတီမြို့ ဈေးကွက်ရပ်ဝန်းရှိ ကုန်စည်ဒိုင်နှင့် လက်လီလက်ကား အရောင်းဆိုင်များတွင် နှစ်သစ်ကူး သြင်္ကန်ပွဲတော် အကြိုကာလတွင် ကုန်ဈေးနှုန်း မြင့်မားလာ၍ ယခင်နှစ်ကထက် အရောင်းအဝယ် အေးလျက်ရှိသော်လည်း ဂျပန် တစ်ပတ်ရစ်ကား ဈေးကွက်တွင် အရောင်းသွက်ကာ ဈေးလျော့လျက် ရှိသည်ဟု ပြောကြားသည်။

ကမ္ဘာ့ငွေကြေး ဈေးကွက်တွင် ရောင်းဝယ်နေသော အမေရိကန် ဒေါ်လာဈေး အပြောင်းအလဲ မဖြစ်သော်လည်း ထိုင်းဘတ်ငွေဈေးမှာ မတ်လဆန်းစက ကျပ်တစ်သိန်းလျှင် ဘတ်ငွေ ၂၄၀၀ ဘတ် ( ဘတ် ၁၀၀ = ၄၁၆၆ ကျပ်) ပေါက်ဈေးရှိရာမှ မတ် ၁၃ ရက်တွင် ကျပ်တစ်သိန်း လျှင်၂၃၅၀ ဘတ် (ဘတ် ၁၀၀ = ၄၂၅၅ကျပ်) ထိ ကျဆင်းခဲ့သည်။

ထိုင်းဘတ်ငွေဈေး မြင့်တက်ပြီး မြန်မာကျပ်ငွေဈေး လျော့ကျလာသဖြင့် တစ်နိုင်တစ်ပိုင် ရောင်းဝယ်ကုန်သွယ်မှု မရှိသလောက် လျော့နည်းလျက်ရှိကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုရွှေညာက ပြောကြားသည်။

“ထိုင်းဘတ်ဈေး တက်တဲ့အတွက် ဘတ်နဲ့ပဲရောင်းတဲ့ ဆိုင်ကယ်တွေကို မြန်မာငွေနဲ့လာဝယ်တဲ့အခါကျတော့ ဘတ်ဈေးအတိုင်း တွက်ရတဲ့အတွက် တစ်စီးကို ကျပ်ငါးသောင်းနဲ့အထက် မြင့်တက်သွားပါတယ်။ တခြားကုန်ပစ္စည်းတွေလည်း ဒီလိုပါပဲ။ တစ်မယ်ကို နှစ်ထောင်သုံးထောင် ဈေးမြင့်သွားတော့ တစ်ချို့ကုန်သည်လေးတွေ၊ တစ်နိုင်တစ်ပိုင် ဝယ်ရောင်းလုပ်သူတွေ အဝယ်တက် မလာတော့ဘူး” ဟု ကိုရွှေညာက ပြောကြားသည်။

ယခုနှစ်ဆန်းပိုင်းကစ၍ ထိုင်းဘတ်ငွေဈေးမှာ ဒေါ်လာဈေးနှင့်အပြိုင် တရိပ်ရိပ် မြင့်တက်လာခဲ့ခြင်းကြောင့် မြဝတီနယ်စပ်သို့ တစ်နိုင်တစ်ပိုင် လာရောက်ပြီး ကုန်ပစ္စည်း ဝယ်ယူသူများမှာလည်း ရောင်းဈေးနှင့် ဝယ်ဈေး တွက်ခြေမကိုက်ဖြစ်ကာ လက်လီလက်ကား ကုန်စည်ဆိုင်ကြီးများ အရောင်းအဝယ် လျော့ကျလျက်ရှိသည်ဟု ဆိုသည်။

“ထိုင်းဘတ်ငွေနဲ့ ဝယ်ရင်တော့ ယခင်ဈေးအတိုင်းပါဘဲ။ မြန်မာငွေနဲ့ ဝယ်ရင်သာ ဘတ်ဈေးတက်သလောက် အလိုက်ပေးပြီး ဝယ်နေရတာလေ။ ရောင်းလို့ရတဲ့အမြတ်က ပြန်ဝယ်ရတဲ့ အရင်းကို လိုက်မမီဘူး။ အရှုံးပေါ်နေတာပေါ့”ဟု မြဝတီနယ်စပ်တွင် ကုန်စည်ကူးသန်း ရောင်းဝယ်နေသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ထိုင်းဘတ်ငွေဈေး မြင့်တက်နေသည့်အတွက် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ မိသားစုထံ ပြန်ပို့ငွေမှာ မြင့်တက်လာကြောင်း ထိုင်းနိုင်ငံ မဟာချိုင်ရှိ ကားရေဆေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ ကိုလင်းဦးက ပြောကြားသည်။

Most Read

Most Recent