ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နိုင်ငံနယ်စပ်အနီး ဘမ်းတောင်ကြောတွင် တရားမဝင် အထပ်သားစက်ရုံနှင့်သစ်များ ဖမ်းမိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နိုင်ငံနယ်စပ်အနီး ဘမ်းတောင်ကြောတွင် တရားမဝင် အထပ်သားစက်ရုံနှင့်သစ်များ ဖမ်းမိ
Published 15 March 2018

ဝိုင်းမော်မြို့နယ် တရုတ်နိုင်ငံနယ်စပ်အနီး ဘမ်းတောင်ကြောတွင် အထပ်သားစက်ရုံနှင့် သစ်များဖမ်းမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် မတ် ၁၁ ရက် နံနက်ပိုင်းတွင် ဘွန်တောင်ကျေးရွာ အရှေ့မြောက်ဘက် လေးမိုင်ခန့်အကွာ တရားမဝင်အထပ်သား စက်ရုံတစ်လုံး၊ သစ်အသားလွှာ ၂၀၀ ချပ်၊ စကားဝါ၊ ရေမနေသစ်လုံးဆိုဒ်စုံ ၄၆၀ လုံး (ခန့်မှန်း ၉၃ တန်ခန့်)၊ ဘွန်တောင်ကျေးရွာမြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင် စကာဝါ၊ ရေမနေသစ်လုံး ၄၃၀ လုံး (ခန့်မှန်းတန် ၆၀) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုပြင် မတ် ၁၀ ရက်က ဘွန်တောင်ကျေးရွာ အရှေ့မြောက်ဘက် လေးမိုင်ခန့်အကွာ တရာမဝင်စုပုံထားသော စံကားဝါ၊ ရေမနေ၊ ခလောင် ၈၀ တန်ခန့်နှင့် ဖိုတွန်အမျိုးအစား လိုင်စင်မဲ့ ၁၂ ဘီးယာဉ် ၁၂ စီးတို့ကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝထိန်းသိမ်းရေးဝန်ကြီး ဦးံလအောင်က ယင်းကိစ္စများကို သတင်းအဖြစ်သာ ကြားသိထားပြီး သတင်းအချက်အလက်များ တက်လာခြင်းမရှိကြောင်း၊ မိမိမှာ ရွှေလုပ်ကွက်များအတွင် ကွင်းဆင်းစစ်ဆေးနေကြောင်း ပြောကြားသည်။

ကချင်ပြည်နယ် သစ်တော်ဦးစီးဌာနမှ ပြည်နယ်သစ်တောညွှန်မှူး ဦးမောင်မောင်ဦးက “ကျွန်တော်တို့လူတွေ ဗျူဟာမှူးနဲ့တွေ့ဖို့ ဆဒုံးမှာရောက်နေကြတယ်။ မနက်ဖြန်မှာ သွားရောက်စစ်ဆေးရမှာမို့ ညအိမ်စောင့်နေကြပါတယ်” ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေလက်နက်ကိုင်အဖွဲ့တို့သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပွင့်လင်းရာသီရောက်တိုင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ် မေလအတွင်း တပ်မတော်မှ လေယာဉ်အသုံးပြု တိုက်ခိုက်ပစ်ခတ်မှုများပါ ရက်ဆက်ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်ဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံ သစ်ခိုးထုတ်မှောင်ခို ဂိုဏ်းတစ်ခုကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်များတွင် လူ ၁၅၅ ဦး၊ ကားအစီးရေ လေးရာကျော်နှင့် တခြားယာဉ်ကြီးများကို ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်သူဌေးများကိုမူ ဖမ်းမိခဲ့ခြင်းမရှိပေ။ ယင်းတရုတ်နိုင်ငံသား ၁၅၅ ဦးကို အပက-၃ ဖြင့် စွဲချက်တင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် မြစ်ကြီးနားခရိုင်တရားရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သော်လည်း မြစ်ကြီးနားအကျဉ်းထောင်အတွင်း ရှစ်ရက်ကြာ ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

Most Read

Most Recent