စည်ပင်သာယာရေးအဖွဲ့အချို့သည် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရာတွင် အမှန်တကယ်သုံးစွဲခြင်းမရှိဘဲ မျောက်ပြဆန်တောင်းသလိုမျိုးဖြစ်နေကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ပြောကြား

စည်ပင်သာယာရေးအဖွဲ့အချို့သည် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရာတွင် အမှန်တကယ်သုံးစွဲခြင်းမရှိဘဲ မျောက်ပြဆန်တောင်းသလိုမျိုးဖြစ်နေကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ပြောကြား
Published 15 March 2018

အချို့သော ဝန်ကြီးဌာန၏ ဆောင်ရွက်ကြသည့်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုအားနည်းနေပြီး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိကြောင်း စည်ပင်သာယာရေး အချို့အဖွဲ့များသည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရာတွင် အမှန်တကယ်သုံးစွဲခြင်းမရှိဘဲ မျောက်ပြဆန်တောင်းသလိုမျိုးဖြစ်နေကြောင်း ဘုတလင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းက ပြောကြားသည်။

မတ် ၁၄ ရက်ကကျင်းပခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့မှာ တိုင်းဒေသကြီးစာရင်းချုပ်မှ တင်သွင်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေ အရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်ပတ်သက်၍ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အချို့သောဝန်ကြီးဌာနရဲ့ ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု အင်မတန်အားနည်းပြီးတော့ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာတွေ မဟုတ်တာတွေ ကျွန်တော်တို့တွေ့ရှိရပါတယ်။ တချို့ စည်ပင်သာယာရေးအဖွဲ့တွေရဲ့ ဒီလိုမျိုးပေါ့နော်။ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရာမှာ အမှန်တကယ်သုံးစွဲတာမဟုတ်ဘဲနဲ့ မြေပြင်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ မျောက်ပြဆန်တောင်းသလိုဖြစ်နေတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက ဝန်ကြီးအနေနဲ့ ကြပ်ကြပ်မတ်မတ် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုပါတယ်။ ဝန်ကြီးတွေအနေနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ခေတ်ကာလရဲ့ ဂုဏ်သိက္ခာတွေကို မထိခိုက်စေဘဲ တိတိကျကျ ဆောင်ရွက်သွားကြဖို့ ကျွန်တော်တို့လွှတ်တော်ကနေပြီးတော့ တောင်းဆိုပါတယ်” ဟု ဘုတလင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းက ပြောကြားသည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် အဂတိတရားကင်းရှင်းခြင်း၊ နိုင်ငံတော်အတွက်ဆိုသည့်အချက်နှင့် တိတိကျကျဆောင်ရွက်မှသာလျှင် ဒီမိုကရေစီအုတ်မြစ် ခိုင်မာမည်ဖြစ်ကြောင်း ၎င်းအပြင် ပြည်ထောင်စုအရေးနှင့်အနာဂတ်ကိစ္စရပ်များမှာလည်း ခိုင်မာမည်ဖြစ်ကြောင်း ယင်းကဲ့သို့ ခိုင်မာသေချာစေရေးအတွက် တာဝန်ယူရသည့် ဝန်ကြီးဌာနအနေဖြင့် တိကျပြတ်သားစွာ ၎င်းတို့၏ဝန်ထမ်းများအား လမ်းညွှန်မှုလိုအပ်ကြောင်း ဒေါက်တာကျော်ဇေလင်းက ဆိုသည်။

စစ်ကိုင်း၊ အင်းတော်၊ လေရှီးနှင့် ခန္တီးမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးထားသည့် လုပ်ငန်းများရှိသော်လည်း မြေပြင်တွင် ယင်းမြို့များရှိလုပ်ငန်းများအား ပြောင်းလဲလုပ်ကိုင်လျက်ရှိကြောင်း ဘတ်ဂျက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ တစ်ဦးတစ်ယောက်၏ ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ လွှတ်တော်၏ အတည်ပြုချက်ရယူသင့်ကြောင်း ၎င်း၏ဆက်လက်ပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent