နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ပဉ္စမအကြိမ် ရုံးထုတ်

နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ပဉ္စမအကြိမ် ရုံးထုတ်
Published 15 March 2018

ပုဒ်မ သုံးခုဖြင့် တရားစွဲဆို ခံရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ပဉ္စမအကြိမ် ရုံးထုတ်စဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် ပုဒ်မ သုံးခုဖြင့် တရားစွဲဆို ခံထားရသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား မတ် ၁၄ ရက်တွင် ပဉ္စမအကြိမ် စစ်တွေမြို့နယ် တရားရုံးနှင့် ခရိုင်တရားရုံးသို့ ရုံးထုတ်ပြီး လိုပြသက်သေကို စစ်ဆေးမေးမြန်းကာ ၁၉ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။

ယင်းသို့ ရုံးထုတ်လာစဉ် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားနိုင်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း ဒေါက်တာအေးမောင် က ပြောကြားသည်။

“စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ရသွားရင် ကျွန်တော်တို့အားလုံး ဖြေရှင်းသွားပြီး ဖြစ်လိမ့်မယ်။ ကျွန်တော်တို့က အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို သွားတယ်။ ၂၀ ရာစုမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားဟာ တိုင်းရင်းသား အားလုံးရဲ့ရင်ထဲမှာ ရှိတယ်။ အဲဒီတော့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရမယ်၊ အမျိုးသားရင်ကြားစေ့ရေးကို သွားနိုင်ရမယ်။ အဲဒါဟာ ကျွန်တော်တို့ရဲ့ ၂၁ ရာစုပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ရမယ့် တာဝန်ပဲ။ ၂၁ ရာစုပင်လုံရဲ့ အကြွေးကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် တည်ဆောက်နိုင်ရမယ်။ အဲဒါဟာ ၂၁ ရာစုပင်လုံရဲ့ အောင်ပွဲဖြစ်တယ်။ နောက်ပြီး ဟိုဘက်က စွပ်စွဲချက်နဲ့ ကျွန်တော်ပြောတာနဲ့ မတူဘူး။ စာသား ပြန်ပြင်ထားတာ။ အဲဒါလေးကို ဦးညီပု ပြန်ဖတ်ရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်လည်း စိတ်မကောင်းဘူး။ စွပ်စွဲချက်တွေ အားလုံးဟာ လိုရာဆွဲပြီးမှ စာသားပြန်စီထားတဲ့ အခါကျတော့ ဒါလေးတွေကို စဉ်းစားစေချင်တယ်။ ကျွန်တော်ပြောခဲ့သလိုပေါ့။ အမျိုးသားရင်ကြားစေ့ရေးကိုလည်း သွားဖို့လိုတယ်။ နောက်တစ်ခုက ကျွန်တော်တို့ပြောတာ အားလုံးက Process တွေကိုပဲ ပြောခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုအောက်မှာ နိုင်ငံရေးပါတီ ထောင်တယ်။ ဖယ်ဒရယ်ပြည်ထောင်စုမှာ ရအောင်ယူမယ် ဆိုတာကို ဘာညာ အဓိပ္ပာယ်ဖွင့်လိုက်တာကတော့ လွဲနေတယ်”ဟု ဒေါက်တာအေးမောင်က မတ် ၁၄ ရက် ရုံးထုတ်စဉ် ပြောကြားသည်။

ထို့ပြင် မတ် ၇ ရက် ရုံးချိန်းတွင်လည်း ၄/၂၀၀၈ အား ရုပ်သိမ်းပေးလိုကြောင်း၊ ပင်လုံ အောင်မြင်စေချင်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်နေပါက ဒီမိုကရေစီလမ်းကြောင်းကို ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင် အနေဖြင့်လည်း တည့်မတ်နေဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ယင်းနေ့က တရားလိုဖြစ်သူ ဒုရဲမှူးကျော်နုအား ရှေ့နေများက မေးခွန်းမေးမြန်းခဲ့သည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၇ (၁) နှင့် ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ဒေါက်တာအေးမောင် အမှုအတွက် ရှေ့နေ ဦးအောင်ကျော်စိန်နှင့် စာရေးဆရာ ဝေဟင်အောင်အတွက် ရှေ့နေဒေါ်အေးနုစိန်တို့ လိုက်ပါ ဆောင်ရွက်ပေးလျက် ရှိသည်။

“၁၂၂ အမှုနဲ့ ခရိုင်မှာတော့ လိုပြသက်သေကို စစ်ဆေးပြီး ၁၉ ရက်နေ့ကို ထပ်မံ ချိန်းလိုက်တယ်”ဟု ဒေါက်တာအေးမောင်၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ရုံးထုတ်စစ်ဆေးစဉ်အတွင်း တရားလိုများဘက်မှ စာပေဟောပြောပွဲ မှတ်တမ်းစီဒီခွေကို သက်သေခံအဖြစ် တင်သွင်းခဲ့သော်လည်း ဖွင့်လှစ် နားထောင်ပြီးမှသာ သက်သေခံအဖြစ် တင်သွင်းခွင့် ပြုစေလိုကြောင်း ရှေ့နေများဘက်မှ ပြောဆိုမှုများ ရှိသည့်အတွက် တရားရုံးက လက်ခံခဲ့သည်။

စာရေးဆရာ ဝေဟင်အောင်၏ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းကလည်း “ခရိုင်မှာရော မြို့နယ်မှာရော ရုံးချိန်းကို လာမယ့် ၁၉ ရက်နေ့ကို ပြန်ချိန်းဆိုတယ်။ နောက်ပြီး စာပေဟောပြောပွဲမှာ ဟောပြောတဲ့ အကြောင်းအရာတစ်ခုတည်းကို အခုလိုမျိုး ပုဒ်မသုံးခုနဲ့ ဖွင့်တာကိုတော့ မတရားဘူးလို့ မြင်တယ်”ဟု ပြောကြားသည်။

Most Read

Most Recent