ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံသတင်းထောက်နှစ်ဦးကို (၁၀) ကြိမ်မြောက်ရုံးထုတ်ပြီး မိမိတို့ကို မတရားသောပုဒ်မများနှင့် ဖမ်းဆီးပြီး ကြာမြင့်စွာ အမှုရင်ဆိုင်နေရမှုကို အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် ဖမ်းဆီးခံသတင်းထောက် ကိုဝလုံး တောင်းဆို

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံသတင်းထောက်နှစ်ဦးကို (၁၀) ကြိမ်မြောက်ရုံးထုတ်ပြီး မိမိတို့ကို မတရားသောပုဒ်မများနှင့် ဖမ်းဆီးပြီး ကြာမြင့်စွာ အမှုရင်ဆိုင်နေရမှုကို အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် ဖမ်းဆီးခံသတင်းထောက် ကိုဝလုံး တောင်းဆို
Published 15 March 2018

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးကို မတ် ၁၄ ရက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် (၁၀) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး မိမိတို့ကို မတရားသောပုဒ်မများနှင့် ဖမ်းဆီးပြီး ကြာမြင့်စွာ အမှုရင်ဆိုင်နေရမှုကို အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် ဖမ်းဆီးခံသတင်းထောက် ကိုဝလုံးက တောင်းဆိုခဲ့ကြောင်း သိရသည်။

ပြည်ပသတင်းဌာနတစ်ခုဖြစ်သော ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးသည် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရခြင်းကြောင့် အာမခံမရရှိဘဲ ထောင်အချုပ်တွင် ချုပ်နှောင်ခံရ၍ တရားရင်ဆိုင်နေရပြီး လက်ရှိချိန်တွင် အမှုမှာ တရားလိုပြသက်သေများ စစ်ဆေးဆဲအဆင့်သာရှိသေးသည်။

မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခံပြီးနောက် ပြန်အထွက်လာတွင် ရိုက်တာသတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင်က “လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ သတင်းတွေ ပွင့်ပွင့်လင်းလင်း ရေးသားတင်ပြဖို့ လိုအပ်နေပါတယ်။ ဘာလို့လဲဆိုတော့ သတင်းပွင့်ပွင့်လင်းလင်း ရေးသားတင်ပြတာ မရှိတဲ့အတွက်ကြောင့် ပြဿနာတွေက ပိုပြီးတော့ရှုပ်ထွေးမှုတွေ ဖြစ်နေတာပါ။ ကျွန်တော်တို့လည်း ဒီအထဲထဲမှာ ရက်ပေါင်းများစွာ တရားရင်ဆိုင်နေရတဲ့အခါ သတင်းမရေးသားနိုင်ဘူးပေါ့နော်။ အဓိက,က ကိုဖီအာနန်ကော်မရှင်မှာလည်း ပြောထားတာရှိတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ ပွင့်လင်းမြင်သာမှုမရှိသရွှေ့ကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အစိုးရအနေနဲ့ အကျပ်အတည်းလည်း အများကြီးကြုံနေမှာဖြစ်ပြီး အခုလိုမျိုး ကမ္ဘာ့အလယ်မှာ မိမိတို့နိုင်ငံဟာ ဂုဏ်သိက္ခာတွေအများကြီး ကျဆင်းနေပြီးတော့ သူများဝေဖန်စရာတွေ ဖြစ်နေတယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဒီနေရာမှာ တောင်းဆိုချင်တာက မိမိတို့ကို မတရားတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးပြီးတော့ အမှုကိုအကြာကြီး ရင်ဆိုင်နေရတာတွေကို အမြန်ဆုံး အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုချင်တယ်။ သတင်းလွတ်လပ်ခွင့် အမြန်ဆုံးပေးဖို့လည်း တောင်းဆိုချင်ပါတယ်” ဟု မီဒီယာများသို့ ပြောကြားသည်။

(၁၀) ကြိမ်မြောက်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် သတင်းထောက်ကိုဝလုံး၏အိမ်ကို သွားရောက်ရှာဖွေရာတွင် ပါဝင်သော အရပ်သား ဦးမင်းအောင်နဲ့ ဦးမင်းမင်းတို့ကို စစ်ဆေးခဲ့ကြောင်း၊ သက်သေများက ကိုဝလုံး၏အိမ်တွင် အစိုးရနှင့်ပတ်သက်သော လျှို့ဝှက်စာရွက်စာတမ်းတစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိဟု ထွက်ဆိုခဲ့ကြောင်း တရားစွဲဆိုခံ သတင်းထောက်နှစ်ဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “အိမ်မှာ လျှို့ဝှက်ချက်နဲ့ပတ်သက်တဲ့ အစိုးရနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း တစ်စုံတစ်ရာတွေ့ရှိတာမရှိဘူး။ အဲဒါကို သူတို့ပြောသွားတယ်။ တဖြည်းဖြည်းနဲ့ သက်သေကစစ်လာတဲ့ တစ်ဝက်လောက်တော့ကျိုးပြီ။ အမှန်တရားလည်း ပေါ်သင့်သလောက် ပေါ်ပါပြီ” ဟုပြောကြားသည်။

လာမည့်ရုံးချိန်းကို မတ် ၂၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ကျန်ရှိသော တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကာ တရားလိုပြသက်သေ ၂၅ ဦးအနက် ၁၂ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသက်သေများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများလည်း ပါဝင်ကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ယုနိုင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှိူ့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃(၁) (ဂ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent