ဧရာဝတီတိုင်းဒေသကြီးရှိ ရေကျော်လမ်းပိုင်းများကို ကျပ်သန်း ၂၅၆၀ ကျော် အသုံးပြုကာ ပြင်ဆင်မည်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေကျော်လမ်းပိုင်းများကို ကျပ်သန်း ၂၅၆၀ ကျော် အသုံးပြုကာ ပြင်ဆင်မည်
Published 15 March 2018

ဟင်္သာတ-မြို့ကွင်း-ကွင်းကောက်လမ်း ကွန်ကရစ်ရေကျော် တည်ဆောက်မှု မြင်ကွင်း

ဧရာဝတီတိုင်းဒေသကြီးရှိ ရေကျော်လမ်းပိုင်းများအား ကျပ်သန်း၂၅၆၀ ကျော် အသုံးပြု ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကျော်လမ်းပိုင်းများ ပြင်ဆင်မှုကို ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဟင်္သာတခရိုင်ရှိ လမ်းပိုင်းကိုးခု၌ ဆောင်ရွက်လျက်ရှိပြီး မိုးတွင်းကာလ မတိုင်ခင် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနအနေနဲ့ လာမယ့် မိုးရာသီမှာ ရေကြီးမှု သဘာဝဘေးအန္တရာယ်ကြောင့် လမ်းပိုင်းပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ၂၅၆၇ ဒသမ ၇၀ သန်းနဲ့ ရေကျော်လမ်းပိုင်းတွေကို ပြုပြင်ဆောင်ရွက်ထားပါတယ်။ လုပ်ငန်း စတင်ချိန်ကတော့ ၂၀၁၇ အောက်တိုဘာလမှာ စတင်တာ ဖြစ်ပါတယ်။ ပြီးတဲ့ လမ်းပိုင်းတွေလည်း ပြီးနေပါပြီ။ ကျန်တဲ့ လမ်းပိုင်းအားလုံးကိုလည်း အခုမတ်လကုန်မှာ အပြီး ဆောင်ရွက်သွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဆွမ်းက ပြောကြားသည်။

ကျောင်းကုန်း-သုံးခွလမ်း ပြင်ဆင်မှုကို လမ်းအထူးအဖွဲ့ (၂၁) မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကျန်လမ်းပိုင်း အားလုံးကို သက်ဆိုင်ရာ ခရိုင်လမ်းဦးစီးဌာနမှ တာဝန်ယူ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“မိုးတွင်းကာလ ရေတိုက်စားတာကြောင့် လမ်းပိုင်း ပျက်စီးမှုတွေ ဖြစ်ပေါ်ပါတယ်။ အဓိကအားဖြင့် မြေသားတာဘောင် ပျက်စီးတာ၊ ယာဉ်သွားလမ်း မျက်နှာပြင်ပျက်စီးတာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ပျက်စီးသွားတဲ့ လမ်းပိုင်းတွေ ပြင်ဆင်နိုင်ဖို့နဲ့ လာမယ့်ကာလ ရေဘေးဒဏ် ခံနိုင်ဖို့အတွက် မြေသားတာပေါင်ကို ထိန်းဖို့ ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ ယာဉ်သွားလမ်း မျက်နှာပြင်ပျက်စီးမှု မရှိဖို့အတွက် ကတ္တရာလမ်းအစား ကွန်ကရစ်လမ်း မျက်နှာပြင်အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်း၊ လပွတ္တာခရိုင်ဘက်က မြစ်နဲ့နီးတဲ့ လပွတ္တာ-သင်္ကန်းကြီး-ပြင်စလူလမ်းမှာဆိုရင် မြေသားတာဘောင် ကြံ့ခိုင်မှုရှိဖို့အတွက် မျောခရစ်ကွက်ရိုက်ပြီး သစ်ကိုင်းသစ်ပင်တွေ ထည့်တာ၊ မြေကာတုတ်ရိုက် ကျောက်ကြီးဖြည့်တာ၊ ဘိုးပိုင် အခြေပြု ကျောက်စီနံရံ တည်ဆောက်တာတွေ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဆွမ်းက ဆက်လက်ပြောကြားသည်။

ရေကျော်လမ်းပိုင်းများ ပြင်ဆင်မှုကို လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်း၊ ကျောင်းကုန်း-ပန်းတနော်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ကျောင်းကုန်း-သုံးခွလမ်း၊ လပွတ္တာ-သင်္ကန်းကြီး-ပြင်စလူလမ်း၊ ဟင်္သာတ-မြို့ကွင်း-ကွင်းကောက် လမ်း၊ ဟင်္သာတ - ဆုံကုန်း - မြန်အောင်လမ်း၊ အင်ပင် - လက်ပံကွင်း - ညောင်ခြေထောက်လမ်းနှင့် ကြံခင်း - ဆိပ်သာ - အကောက်တောင်လမ်းတို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent