မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့်ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်ရှစ်ရပ် ချမှတ်လုပ်ဆောင်မည်

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့်ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်ရှစ်ရပ် ချမှတ်လုပ်ဆောင်မည်
Published 15 March 2018

လုပ်ငန်းခွင်တစ်ခုတွင် ကလေးလုပ်သားတစ်ဦး အလုပ်လုပ်နေသည်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်ရှစ်ရပ် ချမှတ်လုပ်ဆောင်မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကော်မတီကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြေညာစာအမှတ် ၂၃/၂၀၁၈ ဖြင့် ဒုတိယသမ္မတ (၁) ဦးဆောင်၍ အဖွဲ့ဝင် ၃၇ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်ရှစ်ရပ် ချမှတ်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းတာဝန်များမှာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး စီမံကိန်းအတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်သောလုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း၊ စီမံကိန်းရည်မှန်းချက်များကို ဆောင်ရွက်ရာတွင် အရေးကြီးသောလုပ်ငန်းများအား မူဝါဒချမှတ်ပေးခြင်း၊ အမိန့်ကြေညာစာများ ထုတ်ပြန်ခြင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခြင်း ၊လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်ချက်များအပေါ် ခြောက်လတစ်ကြိမ် ပြန်လည်သုံးသပ်၍ လိုအပ်သလို လမ်းညွှန်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကြီးကြပ်ခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်ပအဖွဲ့အစည်း၊ အလှူရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများမှ ထည့်ဝင်လှူဒါန်းသည့် ငွေကြေး၊ ပစ္စည်းဥစ္စာနှင့် နည်းပညာများကို ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တစ်နှစ်တစ်ကြိမ် အစီရင်ခံတင်ပြခြင်းတို့ဖြစ်ကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ကလေးလုပ်သားစစ်တမ်းတွင် ကလေးကို အသက်ငါးနှစ်မှ ၁၇ နှစ် အပိုင်းအခြားရှိသူများကို လေ့လာခြင်းဖြစ်ပြီး ကလေးလုပ်သားသတ်မှတ်ချက်အရ အသက်ငါးနှစ်မှ ၁၇ နှစ်အတွင်း အန္တရာယ်ရှိလုပ်ငန်းခွင်တွင် တစ်ပတ်အနည်းဆုံး တစ်နာရီအတွက် လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် အလုပ်စေခိုင်းခံရသည့်ကလေးများ၊ အသက်ငါးနှစ်မှ ၁၁ နှစ်အတွင်း တစ်ပတ်အနည်းဆုံး တစ်နာရီလုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် ခိုင်းစေခံရသည့်ကလေးများ၊ အသက် ၁၂ နှစ်မှ ၁၄ နှစ်အတွင်း လုပ်ခ သို့မဟုတ် အကျိုးအမြတ်အတွက် တစ်ပတ် ၂၄ နာရီထက်ပိုပြီး နေ့ဆိုင်း၊ ညဆိုင်း ခိုင်းစေခံရသည့်ကလေးများ၊ အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်း လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် တစ်ပတ် ၄၄ နာရီထက်ပိုပြီး အလုပ်ခိုင်းစေခံရသည့် ကလေးများကို ကလေးလုပ်သားအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသောအလုပ်လုပ်နေသည့် ကလေးများကို ကလေးလုပ်သားအဖြစ် မရေတွက်ဘဲအလုပ်လုပ်နေသည့် ကလေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။