မြန်မာအစိုးရသည် အခွန်အကောက်များ၊ အခွန်စနစ်များနှင့်ပတ်သက်၍ ပြည်သူလူထုအား ပညာပေးသည့်လုပ်ငန်းများ လုပ်ဆောင်ရန်မှာ ၎င်းတို့၏တာဝန်ဟု မရှုမြင်ကြောင်း အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာအစိုးရသည် အခွန်အကောက်များ၊ အခွန်စနစ်များနှင့်ပတ်သက်၍ ပြည်သူလူထုအား ပညာပေးသည့်လုပ်ငန်းများ လုပ်ဆောင်ရန်မှာ ၎င်းတို့၏တာဝန်ဟု မရှုမြင်ကြောင်း အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြ
Published 15 March 2018

ပုံမှန်အားဖြင့် မြန်မာအစိုးရသည် အခွန်အကောက်များ၊ အခွန်စနစ်တို့နှင့် ပတ်သက်၍ ပြည်သူလူထုအား ပညာပေးသည့်လုပ်ငန်းများအား လုပ်ဆောင်ရန်မှာ ၎င်းတို့၏တာဝန်ဟု မရှုမြင်ကြောင်း The Asia Foundation ၏ မြန်မာနိုင်ငံ၏ အခွန်အကောက်များအပေါ် မြို့ပြနေပြည်သူများ၏ သဘောထားအမြင် အနှစ်ချုပ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထုအား အခွန်ပညာပေးမှုမှာ မရှိသလောက်နီးပါးပင်ဖြစ်ပြီး လွယ်ကူရိုးရှင်း၍ စိတ်ဝင်စားစရာကောင်းသည့် သတင်းအချက်အလက်များကို မတွေ့ရသလောက်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လူထုအတွက် မည်ကဲ့သို့သော အခွန်ဆိုင်ရာ ပညာပေးမှုများရှိပါသလဲဟု မေးမြန်းရာတွင် အခွန်အရာရှိများက မိမိတို့အဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များတွင် အခွန်ဆိုင်ရာ သတင်းအချက်အလက်များ ရှိသည်ဟုဆိုကြကြောင်း အရာရှိများက လူထုအများစုသည် သူတို့၏အင်တာနက်စာမျက်နှာကို မသိရှိကြောင်းနှင့် အသုံးမပြုကြကြောင်း ပြောဆိုညည်းတွားကြသော်လည်း အနည်းစုကသာလျှင် ယင်းလက်တွေ့ဖြစ်ပျက်နေမှုနှင့် ကိုက်ညီအောင် ပြင်ဆင်မှုများရှိကြောင်း အနှစ်ချုပ်အစီအရင်ခံစာ၏ အစိုးရ၏အခန်းကဏ္ဍ အပိုဒ်ခွဲတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ မူဝါဒချမှတ်သူများသည် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဂရုတစိုက်နှင့် ဟန်ချက်ညီအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စနစ်တကျရေးဆွဲထားခြင်းမရှိသော (သို့) အသိပေးပြောဆိုမှုအားနည်းသော ပြုပြင်ပြောင်းလဲရေးသည် ပြည်သူများ၏ ထောက်ခံမှုအားနည်းနိုင်ကြောင်း အကြံပြုထားသည်။

“ရှင်းလင်းတင်ပြမှု အားနည်းလွန်းလှသည့်အခွန်မူဝါဒက အစိုးရအပေါ် ပြည်သူလူထုများ၏ အမြင်သဘောထားများကို ထိခိုက်စေနိုင်ပြီး ရှိနှင့်ပြီးသား အခွန်အကောက်ဆိုင်ရာ သဘောထားများအမြင်များကိုလည်း ထိခိုက်စေကာ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ခက်ခဲစေပါသည်” ဟု အဆိုပါအနှစ်ချုပ်အစီရင်ခံစာတွင် အထူးကောက်နှုတ်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ပြည်သူများက ပြုပြင်ပြောင်းလဲမှုကို လက်ခံနိုင်မှုများနေချိန်၌ ပြုပြင်ပြောင်းလဲရေးမလုပ်နိုင်ခဲ့ပါက အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဘဏ္ဍာငွေများ ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း အကြံပြုထားသည်။

“ပြည်သူတွေ အခွန်စနစ်ကို ပြည်သူတွေ ရှင်းရှင်းလင်းနဲ့နားလည်အောင် လုပ်ဆောင်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိမှာအခွန်စနစ်က ရှုပ်ထွေးနေပြီးတော့ ဒီလိုရှုပ်ထွေးနေတဲ့အခါ ပြည်သူတွေအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ သူတို့မြင်နိုင်တယ်။ အဲဒီအခါကျရင် အခွန်စနစ်ကို မယုံကြည်တော့ဘူးပေါ့နော်။ အဲဒါမျိုးမဖြစ်အောင် အခွန်စနစ်ကို ရှင်းရှင်းလင်းလင်းနဲ့ သူတို့သိနားလည်အောင်လို့ အစိုးရအနေနဲ့ ပြောဆိုအသိပေးဖို့ လိုအပ်ပါတယ်” ဟု The Asia Foundation မှ တာဝန်ရှိသူ မဟေမာန်ထွန်းက ပြောကြားသည်။

အခွန်စနစ်ကို နားလည်မှုအားနည်းနေသော်လည်း စစ်တမ်းကောက်ယူချက်အရ ရာခိုင်နှုန်း ၉၀ ကျော်က သင့်လျော်သော အခွန်ပေးဆောင်ခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း သဘောတူလက်ခံထားကြောင်း ဖော်ပြထားသည်။

“အစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့ ပြည်သူတွေမှာရှိနေတဲ့ စိတ်ကောင်းစေတနာလေးတွေ အခွန်ပေါ် ဆန့်ကျင်တာပြင်းပြင်းထန်ထန် ဆန့်ကျင်တာမရှိဘူးဆိုတဲ့ စိတ်ကောင်းစေတနာ မပျောက်သွားခင်မှာ အစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့ ကောင်းမွန်အောင် အဲဒါကတော့ ပြည်သူတွေအခွန်စနစ်ကို ပြည်သူတွေ ရှင်းရှင်းလင်းလင်းနဲ့ နားလည်အောင် လုပ်ဆောင်ဖို့လိုပါတယ်” ဟု မဟေမာန်ထွန်းက ပြောကြားသည်။

အဆိုပါစစ်တမ်းကောက်ယူမှုကို ဘားအံမြို့၊ တောင်ကြီးမြို့နှင့် ရန်ကုန်မြို့တွင် မြောက်ဒဂုံမြို့နယ်၊ သာကေတမြို့နယ်နှင့် ကျောက်တံတားမြို့နယ်များတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent